ဦးဝင်းတင် စျာပနကို အများပြည်သူ ပါဝင်နိုင်အောင်စီစဉ်

  • 22 ဧပြီ 2014
wintin ဓာတ်ပုံ မူပိုင် Reuters
Image caption စျာပန အခန်းအနားကို ဧပြီလ ၂၃ ရက် ပြုလုပ်မယ်

ကွယ်လွန်သူ ဦးဝင်းတင်ရဲ့ အထုပ္ပတ္တိ ဖတ်ကြားတာ၊ အထိမ်းအမှတ် ကဗျာ ရွတ်ဆိုတာ၊ ဝမ်းနည်းခြင်း သဝဏ်လွှာ ဖတ်တာတွေနဲ့ ဝမ်းနည်းမှတ်တမ်း လက် မှတ် ရေးထိုးတာတွေကို ဗုဒ္ဓဟူးနေ့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်နဲ့ ယုဒဿန် ခန်းမတွေမှာ ပြုလုပ်ပါမယ်။

ရေဝေး သုသာန်မှာတော့ စျာပန အခန်းအနားကို မွန်းတည့်ချိန်မှာ စတင်ပြီး ညနေ ၅ နာရီ အထိပြုလုပ်ပါမယ်။ အဲဒီအချိန်အတွင်းမှာ အများပြည်သူ ဂါဝရ ပြုကြဖို့ ခွင့်ပြုထားပါတယ်။

ဆရာကြီး ဦးဝင်းတင်ရဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေ၊ ပါတီတွေ၊ တိုင်းရင်းသားတွေ၊ အနုပညာရှင်တွေနဲ့ အများပြည်သူတွေအပြင် အစိုးရအရာရှိတချို့လည်း လိုက်ပါပို့ဆောင်မယ်လို့ ဆိုပါတယ်။

နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေကတော့ ဆရာကြီးရဲ့ နောက်ဆုံးခရီးကို အပြာရောင်ဝတ်စုံဝတ်ဆင်ပြီး ဂုဏ်ပြုကြမယ်လို့ ဆိုပါတယ်။

ဆရာကြီးဦးဝင်းတင်ဟာ စစ်အစိုးရက သူ့ကို မတရားဖမ်းဆီးမှုနဲ့၊ လူ့အခွင့်အရေးချိုးဖောက်မှု ၊ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုတွေကို ကန့်ကွက်တဲ့ အနေနဲ့ ထောင်ကလွှတ်တဲ့ အချိန်ကနေ သေတဲ့အထိ အင်္ကျီ အပြာရောင် ဝတ်ဆင်သွားခဲ့တာဖြစ်ပါတယ်။

လူတန်းစားပေါင်းစုံ ပြည်သူတွေကလည်း ဦးဝင်းတင်ကို ဂုဏ်ပြုတဲ့ အနေနဲ့ မြောက်ဥက္ကလာပ အဝိုင်းက ရေဝေးသုသာန်အထိ လမ်းလျှောက်ချီတက်ပွဲ ပြုလုပ်ကြမှာလည်း ဖြစ်ပါတယ်။

ဦးဝင်းတင်ရဲ့ စျာပနကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခွပ်ဒေါင်းအလံ လွှမ်းခြုံ သင်္ဂြိုဟ်မှာဖြစ်ပါတယ်။