ဟံသာဝတီ ဦးဝင်းတင်ရဲ့ စျာပန အခမ်းအနား

  • 23 ဧပြီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ဆရာကြီး ဦးဝင်းတင်ရဲ့ ရုပ်အလောင်းကို ဂူသွင်းဖို့ ပြင်ဆင်နေစဉ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိ အဖွဲ့ဝင်နဲ့ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ စျာပနကို ရေဝေး သုသာန်မှာ ဗုဒ္ဓဟူးနေ့က ကျင်းပကြပြီး ညနေ ၅ နာရီမှာ ဂူသွင်း သင်္ဂြိုဟ်လိုက်ပါတယ်။ ဆရာကြီးရဲ့ ရုပ်ကလာပ်ကို အဖွဲ့ချုပ် အလံလွှမ်းပြီး အလေးပြုခဲ့ကြပါတယ်။

အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးလောက၊ သံတမန်လောက၊ စာပေလောကနဲ့ အလွှာစုံမှ သောင်းချီတဲ့ ပြည်သူလူထုကြီးနဲ့ မြန်မာနိုင်ငံ တဝန်းမှ ဆရာကြီးကို ချစ်ခင် လေးစားသူတွေ တက်ရောက် ဂါရဝ ပြုခဲ့ကြပါတယ်။

ဆရာကြီးရဲ့ နောက်ဆုံး ခရီးမှာ မြောက်ဥက္ကလာပ အဝိုင်းကနေ ၄ မိုင်ကျော် ခရီးကို လူထုပရိသတ်ကြီးက ဆရာကြီး ဦးဝင်းတင် ဝတ်ဆင်ခဲ့တဲ့ အပြာရောင် ဝတ်စုံတွေ ဝတ်ဆင်ပြီး လမ်းလျှောက် တက်ရောက်ခဲ့ကြပါတယ်။

စျာပနမှာ အစိုးရဘက်က တက်ရောက်တာ မတွေ့ခဲ့ဘူးလို့ ရန်ကုန်မှာရှိတဲ့ ဘီဘီစီ သတင်းထောက်က စျာပန အခမ်းအနားကနေ သတင်းပို့ပါတယ်။

ဆရာကြီး ဦးဝင်းတင်အတွက် အောက်မေ့ဖွယ် ဝမ်းနည်းတဲ့ ဂုဏ်ပြု အခမ်းအနားတွေနဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေကို ရန်ကုန်မြို့ ပြည်လမ်းက ယုဒဿန် ခန်းမမှာ မနက်ပိုင်းက ပြုလုပ်ခဲ့ကြပြီး အဲဒီက တဆင့် ရေဝေး သုသာန်ကို အသုဘ ပို့ဆောင်ကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ