လူထုစျာပန အဖြစ် ချီတက် ပို့ဆောင်လိုကြ

_u_win_tin ဓာတ်ပုံ မူပိုင် Reuters
Image caption ဆရာကြီး ဦးဝင်းတင် စျာပန

ဒီကနေ့ ညနေမှာ ကျင်းပတော့မယ့်၊ သတင်းစာ ဆရာကြီး ဦးဝင်းတင် ရဲ့ နောက်ဆုံး နာရေး ခရီးမှာ၊ မြောက်ဥက္ကလာ အဝိုင်းကနေ၊ မနက် ၉ နာရီ ခွဲ လောက်ကစပြီး၊ ၄ မိုင် ကျော် ခရီးကို ခြေကျင် လျှောက် ပို့ဆောင်တဲ့ လူထု ဈာပန သဘောမျိုး ကျင်းပဖို့ ၊ တချို့ အင်အားစု တွေ ပြင်ဆင် နေကြပါတယ်။

ဆရာကြီး ဦးဝင်းတင်ရဲ့ နာရေးကို လိုက်ပါ ပို့ဆောင်လိုကြတဲ့၊ အများပြည်သူ စုပေါင်းပြီး လမ်းလျှောက် ကြမှာ ဖြစ်တယ်လို့၊ စီစဉ်သူတွေထဲက တစ်ဦးဖြစ်တဲ့ စာရေးဆရာ ဝေမှူးသွင်က ပြောပါတယ်။

ယာဉ်လမ်း ပိတ်ဆို့မှု မျိုး မရှိရလေအောင် ၊ မလိုအပ်တဲ့ ကြွေးကြော်သံတွေ မဟစ်ကြွေးရအောင်၊ စီစဉ်နေသူတွေက၊ တာဝန် ကိုယ်စီခွဲပြီး၊ ထိန်းသိမ်း သွားမယ်လို့ ဆိုပါတယ်။

ဆရာကြီး ဦးဝင်းတင်ရဲ့ စာပေ ကျေးဇူး၊ နိုင်ငံရေး ကျေးဇူးဟာ အလွန်ကြီးတာမို့၊ အလွှာ အသီးသီး နယ်ပယ် အသီးသီးက သူတွေဟာ ဆရာကြီးရဲ့ နောက်ဆုံးခရီးမှာ ပါဝင် ဂုဏ်ပြုချင်နေကြတယ်လို့ ကို ဝေမှုးသွင်က ပြောပါတယ်။

တပြည်လုံး ထောင်ကျနေဆဲ အခြေအနေ ဆိုတဲ့ သတင်းစကားကို၊ ပေးတဲ့ အနေနဲ့ ဆရာကြီး ထောင်က ထွက်လာပြီး၊ သေသည်အထိ ဝတ်ဆင်သွားတဲ့၊ ထောင်အင်္ကျီ အပြာရောင်တွေလည်း၊ ဆရာကြီးကို ဂုဏ်ပြုတဲ့ အနေနဲ့၊ ဒီ ချီတက်ပွဲမှာ ဝေဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဒီချီတက်ပွဲ ဖြစ်မြောက်အောင် NLD လူငယ်တွေ၊ လူ့ဘောင်သစ် အဖွဲ့ဝင်တွေ၊ ရန်ကုန် အခြေစိုက် အကျိုးဆောင် ကွန်ယက်တွေ စုပေါင်း ကြိုးစားနေကြတာ လို့၊ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ