ဒေါက်တာသန့်မြင့်ဦး ကမ္ဘာ့ထိပ်တန်းတွေးခေါ်သူ စာရင်းမှာပါ

  • 24 ဧပြီ 2014
Image caption သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦး

မြန်မာနိုင်ငံက ရန်ကုန် မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရဲ့ ဥက္ကဌ သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးကို ဗြိတိန်နိုင်ငံထုတ် Prospect မဂ္ဂဇင်းရဲ့ ၂၀၁၄ ခု World Thinkers 2014 ကမ္ဘာ့တွေးခေါ်သူများ ၅၀ စာရင်းမှာ နံပတ် ၁၅ အဖြစ်ရွေးချယ် ဖေါ်ပြခဲ့ပါတယ်။

အွန်လိုင်းမှာ လူ ၇ ထောင်လောက်က မဲပေးရွေးချယ်ခဲ့တဲ့ အဲဒီစာရင်းကို ဧပြီလထုတ် မဂ္ဂဇင်းမှာ ဖေါ်ပြခဲ့ပါတယ်။

ကမ္ဘာကြီးမှာ ဒီနေ့တွေ့ကြုံနေရတဲ့ စီးပွားရေး၊နိုင်ငံရေး လူမှုရေး၊ဖွံ့ဖြိုးရေးဆိုင်ရာ ပြသနာတွေကို ဖြေရှင်းရာမှာ ပါဝင်ပတ်သက်နေတဲ့ တွေးခေါ်သူတွေကို နှစ်စဉ် ဖေါ်ထုတ် ဂုဏ်ပြုလိုတဲ့ သဘောနဲ့ ဒီနှစ် အတွက် တွေးခေါ်သူ ၅၀ ကို ဆန်ကာတင်ရွေးချယ်ခဲ့တာပါလို့ Prospect မဂ္ဂဇင်းရဲ့ စီမံခန့်ခွဲရေးဆိုင်ရာ အယ်ဒီတာ ဂျွန်နသန် ဒါဘီရှိုင်းယားက ပြောပါတယ်။

ဒီလိုရွေးချယ်ရာမှာ သူတို့ရဲ့ သက်ဆိုင်ရာကဏ္ဍတွေမှာ ထင်ရှားမှု၊ နိုင်ငံတကာ ပြသနာတွေ ကိုင်တွယ်ရာမှာ သူတို့ရဲ့ အတွေးအခေါ်က ဘယ်လောက် လွှမ်းမိုးမှုရှိသလဲ စတာတွေနဲ့ ပြီးခဲ့တဲ့ တနှစ်တာကာလအတွင်း သူတို့ရဲ့ ထူးထူးခြားခြားစွမ်းဆောင်မှု စတာတွေကို ကြည့်ပြီး ရွေးတာပါလို့ ဆိုပါတယ်။

ဒေါက်တာသန့်မြင့်ဦးကို သူရဲ့ စာပေရေးသားမှုလို အသိပညာပိုင်းဆိုင်ရာလုပ်ဆောင်မှု နဲ့ နက်နက်နဲနဲ တွေးခေါ်မှုတွေကြောင့်ရွေးခဲ့တာလို့ ပြောပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံဟာ အာရှ မဟာအင်အားကြီး၂ နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယကြား ရောက်နေချိန်မှာ သူရဲ့တွေးခေါ်ရေးသားမှုတွေ ဟာ မြန်မာလူအဖွဲ့အစည်းအတွက် အကျိုးရှိစေခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပြီး တဘက်မှာ ရန်ကုန် မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရဲ့ ဥက္ကဌအဖြစ် သူဟာ လူထုနဲ့ ထိတွေ့ ဆက်ဆံနေရသူ ဖြစ်သလို စီးပွားရေး လူမှုရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်အဖြစ် နဲ့ မြန်မာ့ငြိမ်းချမ်းရေးစတင်တာ အကြံပေးအဖြစ် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေရသူဖြစ်လို့ သူတို့ စိတ်ဝင်စားခဲ့တာပါလို့ Prospect မဂ္ဂဇင်းရဲ့ စီမံခန့်ခွဲရေးဆိုင်ရာ အယ်ဒီတာ ဂျွန်နသန် ဒါဘီရှိုင်းယားက ပြောပါတယ်။