ပဋိပက္ခအတွင်းလိင်မှုအကြမ်းဖက်တဲ့နိုင်ငံတွေထဲမှာ မြန်မာပါ

Image caption လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စုံစမ်းအရေးယူဖို့ မြန်မာ အစိုးရကို မစ္စတာ ဘန်ကီမွန်း တိုက်တွန်း

၂၀၁၃ ခုနှစ်မှာ ဖြစ်ပွားတဲ့ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း အဓမ္မ ပြုကျင့်မှုတွေ နဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ လုပ်နေတဲ့ နိုင်ငံပေါင်း ၂၁နိုင်ငံရဲ့ အမည်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ အစီရင်ခံစာ သစ်ထဲမှာ ထုတ်ပြန် ကြေညာလိုက်ရာမှာ အဲဒီ နိုင်ငံတွေထဲမှာ မြန်မာ၊ အာဖဂန်နစ္စတန်၊ ဆီးရီးယားနဲ့ ဗဟို အာဖရိက သမ္မတနိုင်ငံ တို့လည်း အပါအဝင် ဖြစ်တယ်လို့ ဖေါ်ပြ ထားပါတယ်။

ဒီ၂၁ နိုင်ငံဟာ ဥရောပ၊ အာရှ၊ အာဖရိက၊ တောင်အမေရိကနဲ့ အရှေ့ အလယ်ပိုင်း ဒေသတွေမှာ ရှိတဲ့ နိုင်ငံတွေ ဖြစ်တဲ့အတွက် ဒီရာဇဝတ် ပြစ်မှုကို ကမ္ဘာတဝှမ်းမှာ ကျူးလွန်နေတယ် ဆိုတာ ဒီ အစီရင်ခံစာက ဖေါ်ပြနေတယ်လို့ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ဆက်နွယ်နေတဲ့ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုတွေ တားဆီး နှိမ်နှင်းရေး ဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဇီးနက်ဘ် ဟာဝါ ဘဲန်ဂူရာ က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ဆက်နွယ်နေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အဆုံးသတ်သွားရေးအတွက် အခုအခါ ကမ္ဘာ့နိုင်ငံ အဆင့်တွေက နိုင်ငံရေးအရ အရှိန်အဟုန် ပြင်းပြင်းနဲ့ ဆောင်ရွက်နေပေမယ့် ကိုယ့်နိုင်ငံအလိုက် ဒေသအလိုက် နောက်ထပ် အရေးယူ ဆောင်ရွက်ဖို့ လိုနေသေးတယ်လို့ လည်း အဲဒီ အစီရင်ခံစာ ထဲမှာ ဖေါ်ပြထားပါတယ်။

ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံအတွင်း ပဋိပက္ခ ဖြစ်ပွားရာ ဒေသတွေမှာ အရင်ကရော အခု အချိန်မှာပါ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အမျိုးသမီးတွေ အပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေ ရှိနေတာကို ထိထိ ရောက်ရောက် စုံစမ်း အရေးယူဖို့ မြန်မာ အစိုးရကို တိုက်တွန်းထားပါတယ်။