သီလဝါစီမံကိန်း အစုရှယ်ယာ ဝယ်သူများပြား

  • 25 ဧပြီ 2014
သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း ဓာတ်ပုံ မူပိုင် Reuters
Image caption သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း

သီလဝါ အထူးစီးပွားရေးဇုန် ရဲ့ မြန်မာ သီလဝါအများပိုင်ကုမ္ပဏီက အစုရှယ်ယာတွေကို ရောင်းချခဲ့ရာမှာ ရောင်းလိုအားထက် ဝယ်လိုအားက (၂)ဆ လောက် ပိုများ နေပါတယ်။ ဒါကြောင့် ဝယ်လိုသူတွေ အဆိုပြုခဲ့တဲ့ ရှယ်ယာပေါင်း (၁.၈)သန်းကျော် နဲ့ ညီတဲ့ ကျပ်ငွေ (၁၈) ဘီလျံကျော်လောက် ကုမ္ပဏီဘက်က ပြန်အမ်းပေးမှာ ဖြစ်တယ်လို့ လို့ သီလဝါအထူးစီးပွားရေးဇုန် ဥက္ကဌ ဦးဆက်အောင် က သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

မြန်မာသီလဝါ အများပိုင် ကုမ္ပဏီဘက်က ငွေကျပ် ပမာဏ (၂၁)ဘီလျံတန်ဖိုးရှိတဲ့ အစုရှယ်ယာတွေကို ပထမအဆင့်အနေနဲ့ ထုတ်ရောင်းခဲ့တာဖြစ်ပါတယ်။ ရှယ်ယာတွေကို ကြိုတင်ငွေသွင်းတဲ့ စနစ်နဲ့ ဝယ်ယူသူပမာဏက ရောင်းချတဲ့ ပမာဏထက် (၂)ဆလောက် ပိုများတဲ့အတွက် ပိုနေတဲ့ ငွေတွေကို ကုမ္ပဏီဘက်က ပြန်အမ်းရမှာ ဖြစ်ပါတယ်။

ပြန်အမ်းတဲ့အခါမှာလည်း ရှယ်ယာအနည်းစု ဝယ်ယူသူတွေကို ဦးစားပေး ရောင်းချတာဖြစ်တယ်လို့ သီလဝါအထူးစီးပွားရေးဇုန် ဥက္ကဌ ဦးဆက်အောင် က ရှင်းပြပါတယ်။

ဒီတော့ အစုရှယ်ယာ ဝယ်သူတွေရဲ့ ပိုငွေတွေကို ဧပြီလ (၂၈)ရက်နေ့က စတင်ပြီး ဘဏ်တွေကနေတဆင့် ပြန်အမ်းပေးမှာ ဖြစ်တယ်လို့ ကုမ္ပဏီဘက်က ထုတ်ပြန်ပါတယ်။ သီလဝါ အထူးစီးပွားရေး ဇုန်စီမံကိန်း တခုလုံးကို မြန်မာ နဲ့ ဂျပန် အစိုးရ အပြင် ဂျပန် ကုမ္ပဏီ (၃)ခု နဲ့ မြန်မာ ကုမ္ပဏီ (၉)ခုတို့က ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။

ဒီ ကုမ္ပဏီ (၉)ခုနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာသီလဝါအများပိုင်ကုမ္ပဏီက သူတို့ပိုင်တဲ့ ရှယ်ယာတွေထဲက (၅၅%)ကို ပြည်သူတွေအတွက် ပထမအဆင့် ထုတ်ရောင်းတာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ