ဖားကန့် မြေပြိုလို့ မောင်နှမ၃ဦး သေဆုံး

_kachin_jade ဓာတ်ပုံ မူပိုင် Reuters
Image caption ဖားကန့် ကျောက်စိမ်း မိုင်းတွင်း

ကချင်ပြည်နယ်က ဖားကန့်မြို့ မှာ၊ ကျောက်စိမ်းတွင်း တူးရာက ရရှိတဲ့ မြေစာပုံအဟောင်း၊ ရေကန်ထဲ ကို ပြိုကျခဲ့တဲ့ အရှိန်ကြောင့်၊ ရေချိုး အ၀တ်လျှော် လုပ်နေတဲ့ ၁၀တန်းအောင် ကျောင်းသူ တစ်ယောက် အပါအ၀င်၊ ကလေးသုံးယောက်၊ ရေနစ် မြေစာပုံပိ ဖြစ်ပြီး၊ သေဆုံးခဲ့ရ ပါတယ်။

ဧပြီ ၂၂ ရက်ညနေက၊ ဖားကန့်ရဲ့ မြို့မရပ်ကွက် စွပ်ဂျာရွာမှာ၊ ပေ ၅၀၀ လောက် အမြင့်ရှိတဲ့ မြေစာပုံဟောင်း ကမ်းပါးကြီး ပြိုကျခဲ့တဲ့ အတွက်၊ ရေကန်ထဲက ရေတွေဟာ၊ လှိုင်းလုံးကြီး သဖွယ် ပေ၂၀နီးပါး၊ ရုတ်တရက် မြင့်တက်လာခဲ့တဲ့ အတွက်၊ ရေကန်ထဲမှာ ရှိနေကြတဲ့ ၄နှစ် ၁၅နှစ်နဲ့ ၁၇နှစ် အရွယ် အသီးသီး ရှိကြတဲ့ မောင်နှမ သုံးယောက်လုံး ရေနစ်ပြီး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ဒီရင်နင့်စရာ အဖြစ်ဟာ၊ စည်းကမ်းမဲ့ မြေစာ စွန့်ပစ်မှုတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးကြောင့် ဖြစ်တယ်လို့ ဖားကန့် ဒေသခံတွေကတော့ ဆိုကြပါတယ်။

မြို့နယ်အဆင့် ရဲအရာရှိကြီးတယောက်ကတော့၊ အခုဖြစ်စဉ်ဟာ မြေစာပုံဟောင်းနဲ့ တိုက်ရိုက် မပတ်သက်ဘူးလို့ ဆိုပါတယ်။ ကျောက်စိမ်း တူးဖေါ်ရေး လုပ်ငန်းတွေ စနစ်တကျ လုပ်ဆောင်ဖို့ အသိပညာပေး နှိုးဆော်တာတွေ လည်း လုပ်နေတယ်လို့ ပြောပါတယ်။ အခုလို သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီးတော့၊ သမားရိုးကျ သေဆုံးမှု ဟုတ်မဟုတ် စစ်ဆေးသွားဖို့၊ သေမှုသေခင်း ဖွင့်လှစ် ထားတယ်လို့လည်း ပြောပါတယ်။

ဖားကန့်ရဲ့ ကျောက်စိမ်းထုတ်လုပ်တဲ့ ဧရိယာ တဝိုက်မှာ၊ သက်ဆိုင်ရာ အာဏာပိုင်တွေဆီ ငွေကြေးပေးပြီး၊ စည်းကမ်းမဲ့ မြေစာပုံ နေတဲ့ အလေ့အကျင့်တွေ အစဉ်အဆက်ရှိခဲ့တယ် ဆိုပြီးတော့ ဒေသခံ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ဖားကန့်ဒေသမှာ မြေပြိုမှုဖြစ်လို့ လူသေဆုံးမှုတွေဟာ လုပ်ငန်းခွင်တွေ မှာ ဖြစ်တတ်တာ ရှိပေမယ့်၊ အခုလို လုပ်ငန်းခွင် ပြင်ပမှာ ဖြစ်တာကတော့ ပထမဆုံး ဖြစ်တယ်လို့ အာဏာပိုင်ရော ဒေသခံတွေကပါ ဆိုကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ