တမူးမှာ တရုတ်နိုင်ငံသားတွေ ဖမ်းမိ

  • 26 ဧပြီ 2014
india burma
Image caption ဂိတ်က ရပ်ခိုင်းရာမှာ မရပ်ဘဲ မောင်းပြေး

စစ်ကိုင်းတိုင်း မြန်မာ-အိန္ဒိယ နယ်စပ် တမူးမြို့ အဝင် (၃)မိုင် စစ်ဆေးရေး ဂိတ်မှာ တရုတ် နိုင်ငံသား ၈ ဦး စီးလာတဲ့ တိုယိုတာ Double Cab ကားပေါ်မှာ သေနတ် ၈ လက်၊ ကျည်ဆံ ၁၈၆ဝ၊ လက်ပစ်ဗုံး ၃၁ လုံး၊ ဆက်သွယ်ရေး စကားပြောစက် ၅ လုံး၊ စစ်သုံး ဓားမြောင် ၃ ချောင်း၊ စစ်သုံး ချပ်ဝတ် တန်ဆာ ၈ စုံ၊ အဝေးကြည့် မှန်ပြောင်း ၁ လက် စတာတွေ နဲ့ ဧပြီလ ၂၅ ရက် နေ့ ညနေ မှာ လုံခြုံရေး ရဲတပ်ဖွဲ့ ၀င်တွေက ဖမ်းဆီး ခဲ့ပါတယ်။

တမူး မြို့ထဲကို ဝင်လာတဲ့ ကားကို လုံခြုံရေးဂိတ်က စစ်ဆေးဖို့ ရပ်ခိုင်းရာမှာ မရပ်ဘဲ မြို့ထဲကို မောင်းပြေးခဲ့ တဲ့အတွက် မသင်္ကာလို့ လိုက်လံ ဖမ်းဆီးရာမှာ မြို့ထဲကနေ ပြန်ထွက်လာတဲ့ ဒီကားပေါ်က လက်နက်ခဲယမ်းတွေ နဲ့ အတူ တရုတ် နိုင်ငံသား တွေကို ဖမ်းဆီး နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီတရုတ် နိုင်ငံသားတွေ က မြန်မာနိုင်ငံ ဘက်ကို လက်နက်တွေ သယ်ဆောင် လာတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး စစ်ဆေး နေဆဲ ဖြစ်တယ်လို့ တမူး ခရိုင် ရဲ တပ်ဖွဲ့မှူး ဦးခင်မောင်သော်က ရှင်းပြပါတယ်။ ဖမ်းဆီးထားတဲ့ တရုတ် နိုင်ငံသား တွေကို မုံရွာထောင်ကို ပို့ပြီး စစ်ဆေး နေတယ်လို့ တမူးခရိုင် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အိန္ဒိယ-မြန်မာ နယ်စပ် တမူးမြို့မှာ လက်နက်တွေ နဲ့ မူးယစ်ဆေးဝါး တွေ ဖမ်းဆီး ရမိတာတွေ အရင်က ရှိခဲ့ဖူးပေမယ့် တရုတ် နိုင်ငံသား တွေ ဆီကနေ အခုလို လက်နက်တွေ အများကြီး ဖမ်းဆီး တာကတော့ ပထမဆုံးလို့ ပြောနိုင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ