သန်းခေါင်စာရင်းကောက်ရေး မနှောင့်ယှက်ခဲ့

_rakhine_unicef ဓာတ်ပုံ မူပိုင် Reuters
Image caption အတိုက်အခိုက် ခံခဲ့ရတဲ့ ယူနီဆက်ဖ်ရုံး

စစ်တွေမြို့မှာ ဒေသခံတွေ ဟာ ကုလသမဂ္ဂ နဲ့ အန်ဂျီအို ရုံးတွေ ကို တိုက်ခိုက်ခဲ့ တဲ့ ဖြစ်ရပ်ဟာ၊ သန်းခေါင်စာရင်း ကောက်ခံမှု ကို အနှောင့်အယှက် ပေးဖို့ ရည်ရွယ်ခဲ့ပုံ ရကြောင်း၊ ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှုးချူပ် ဘန်ကီးမွန်းက၊ မကြာခင် ရက်ပိုင်းကပဲ ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ Partnership on Myanmar ရဲ့ အစည်းအဝေး မှာ ပြောဆိုခဲ့ပါတယ်။ အစိုးရ အနေနဲ့ မြန်မာပြည်တွင်းမှာ၊ လူမျိုးဘာသာ မရွေးပဲ၊ ကာကွယ် စောင့်ရှောက်မှု ပေးဖို့လည်း၊ သူကတောင်းဆိုခဲ့တဲ့ အပြင်၊ ရိုဟင်ဂျာတွေထဲက နိုင်ငံသား ဖြစ်သင့်သူတွေ ကို၊ အချိန်မဆွဲ ပဲ၊ စီစစ်ဆောင်ရွက် ပေးဖို့ တိုက်တွန်း ခဲ့ပါတယ်။

ရခိုင် တိုင်းရင်းသားတွေ ဘက်က တော့၊ မစ္စတာ ဘန်ကီမွန်းရဲ့ ပြောဆိုချက်တွေ ဟာ၊ ဒေသခံတွေရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ဖက် ဖြစ်နေတယ် လို့ တုန့်ပြန်ခဲ့ပါတယ်။

ရခိုင် တိုင်းရင်းသားတွေ အနေနဲ့၊ အသိအမှတ်ပြုခြင်း မရှိတဲ့ မျိုးနွယ်စု နာမည်တစ်ခုကိုသာ၊ သန်းခေါင်းစာရင်း ကောက်ခံရာမှာ၊ မထည့်သွင်းဖို့ တောင်းဆိုခဲ့တာ ဖြစ်ပြီး၊ သန်းခေါင်းစာရင်း ကောက်ခံမှု လုပ်ငန်းစဉ်ကြီး တစ်ခုလုံး အပေါ်၊ အနှောက်အယှက် ပေးခြင်း မရှိခဲ့ဘူးလို့၊ စစ်တွေမြို့က မြို့မိမြို့ဖ တစ်ဦးဖြစ်တဲ့ အငြိမ်းစား ကျောင်းဆရာဟောင်း ဦးသန်းထွန်းက၊ ဘီဘီစီကို ပြောပါတယ်။

နောက်ဆုံးဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ် အတွင်း နိုင်ငံတကာ အကူအညီ ပေးရေး အဖွဲ့တွေ အတိုက်အခိုက် ခံရမှု ဖြစ်ပွားခဲ့ခြင်းဟာလည်း၊ သန်းခေါင်းစာရင်း ကောက်ခံမှုနဲ့ မသက်ဆိုင်ကြောင်း ဦးသန်းထွန်းက ဆိုပါတယ်။

ဒါပေမယ့် အဲဒီ့ အကူအညီ ပေးရေး အဖွဲ့တွေဟာ၊ ရခိုင်ပြည်နယ်အတွင်း နှစ်ကာလ ကြာမြင့်စွာ သူတို့ရဲ့ အလုပ်တွေကို လုပ်ကိုင်ခဲ့ကြတဲ့ တလျှောက်လုံး၊ ဒေသခံတွေရဲ့ အကျိုးထက်စာရင်၊ တစ်ဘက်နိုင်ငံမှ ဝင်ရောက် လာသူတွေကိုပဲ ခွဲခြား ကူညီမှုတွေ ပြုခဲ့ကြတယ် ဆိုပြီး ဦးသန်းထွန်းက မှတ်ချက် ပြုခဲ့ပါတယ်။

အဲဒီ့ အကူအညီပေးရေး အဖွဲ့က ဝန်ထမ်း တချို့ဟာလည်း ရိုဟင်ဂျာ စကားလုံးကို တိုင်းရင်းသား အဖြစ် အသိအမှတ် ပြုရေးလို ကိစ္စမှာ၊ နိုင်ငံရေး ကြံရွယ်ချက် ရှိရှိနဲ့ စွက်ဖက်မှုတွေ ရှိခဲ့တယ်လို့လည်း ဦးသန်းထွန်းက ပြောပါတယ်။ နိုင်ငံတကာ အဲန်ဂျီအိုတွေ ရဲ့ လှုပ်ရှားမှုတွေကို၊ သက်ဆိုင်ရာ အစိုးရ ဝန်ကြီး ဋ္ဌာနတွေရဲ့ ထိန်းချူပ်မှု အောက်မှာ၊ ဆောင်ရွက်ခွင့် ပြုသင့်တယ် လို့လည်း သူ့ရဲ့ သဘောထားကို ဦးသန်းထွန်းက ပြောဆို ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ