ရခိုင် အမျိုးသား ညီလာခံ စတင်

  • 27 ဧပြီ 2014
Image caption တိုင်းပြည် ငြိမ်းချမ်းရေး ဆောင်ရွက်ရာမှာ အစိုးရနဲ့ အတူ ပူးပေါင်း ပါဝင်ဖို့ တိုက်တွန်း

ရခိုင် အမျိုးသား ညီလာခံကို ၂၇ ရက်နေ့က ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့မှာ ဖွင့်လှစ် ခဲ့ပြီး ၅ ရက်ကြာ ကျင်းပမှာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံ လွတ်လပ်ရေး ရပြီးနောက် နှစ်ပေါင်း ၇၀ နီးပါး အတွင်း ပထမဆုံး ကျင်းပတဲ့ ရခိုင် တမျိုးသား လုံးရဲ့ ညီလာခံမို့ ရခိုင်သားတွေ အားလုံး တက်တက် ကြွကြွ ပါဝင် ဆင်နွှဲတာ ကို တွေ့ရပါတယ်။

ညီလာခံ အဖွင့် မိန့်ခွန်းမှာ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ရခိုင် ပြည်သူတွေ အနေနဲ့ တိုင်းပြည် ငြိမ်းချမ်းရေး ဆောင်ရွက်ရာမှာ အစိုးရနဲ့ အတူ ပူးပေါင်း ပါဝင်ဖို့ တိုက်တွန်း သွား ပါတယ်။

ဒီညီလာခံကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း အပြင် ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်၊ ရခိုင် နိုင်ငံရေး ပါတီတွေနဲ့ ရခိုင့် တပ်မတော်၊ နာမည်ကြီး စာရေး ဆရာတွေနဲ့ ပြည်တွင်း ပြည်ပက ဖိတ်ကြား ထားတဲ့ ကိုယ်စားလှယ် ၈၀ဝနဲ့ ရခိုင် ဒေသခံ ၁ သောင်း နီးပါးလောက် တက်ရောက်ခဲ့ ပါတယ်။

ညီလာခံ တက်ရောက် လာကြ သူတွေက သူတို့ ကာလ ကြာရှည် ခံစားခဲ့ ရတဲ့ လူမျိုးရေး ပဋိပက္ခ တွေ ပြေလည်ရေး ကို ဆွေးနွေး လိုကြပါတယ်။

ရခိုင် အမျိုးသား ညီလာခံ ကျင်းပရေး ကော်မတီ ဥက္ကဌ ဦးကျော်ငြိမ်း ကလည်း ဒီညီလာခံက ပေါ်ထွက် လာမယ့် ရလဒ်တွေဟာ ပြည်နယ်နဲ့ တိုင်း အတွက် ကောင်းကျိုး ရလဒ်တွေ ဖြစ်လာမှာ ပါလို့ ဆိုပါတယ်။

နောက်ပိုင်း ရက်တွေ မှာတော့ ရခိုင်ပြည် တိုးတက် ရေးနဲ့ ညီညွတ်ရေး အတွက် ဆွေးနွေးမှာ ဖြစ်သလို ရခိုင် ပြည်နယ် ငြိမ်းချမ်းရေးနဲ့ လူမျိုးရေး ပဋိပက္ခတွေ ပြေလည်ရေး အတွက်လည်း ဘယ်လို သဘောတူညီ ချက်တွေ ရလာလိမ့် မလဲလို့ ညီလာခံ တက်ရောက် သူတွေက စိတ်ဝင် တစား မျှော်လင့် နေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ