တမူး-ကလေးဝ လမ်းကြောင်းကို အိန္ဒိယ အကူအညီနဲ့ ဆောက်ဖို့ရှိ

ဓာတ်ပုံ မူပိုင် Reuters
Image caption တန် ၆၀လောက်အထိ ဖြတ်နိုင်တဲ့ တံတားတွေ ဆောက်ဖို့ အိန္ဒိယက ကူညီ

အိန္ဒိယနိုင်ငံနဲ့ ကပ်ရက် မြန်မာနိုင်ငံ နယ်စပ် တမူးမြို့ကနေ ကလေးဝမြို့ အထိ တံတား ၇ဝ ကျော် ဆောက်လုပ်ရေးနဲ့ လမ်းပြုပြင်ရေး အတွက် အိန္ဒိယ ကုမ္ပဏီက အချက်အလက် စုဆောင်းမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။

ဒီလမ်းကြောင်းဟာ အိန္ဒိယ၊ မြန်မာ၊ ထိုင်း ကုန်းလမ်း သယ်ယူ ပို့ဆောင်ရေး အတွက် အရေးပါတဲ့ လမ်းကြောင်း ဖြစ်ပါတယ်။

ဒီလမ်းကြောင်းကို ၂ဝ၁၆ ခုနှစ်အတွင်း ပြီးအောင် ဆောက်လုပ်ဖို့ မနှစ်က ဒေလီမြို့မှာ လုပ်တဲ့ အစည်းအဝေးမှာ သဘောတူ ခဲ့ကြတယ်လို့ အိန္ဒိယ မြန်မာ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီဝင် ဆောက်လုပ်ရေး ဝန်ကြီးဌာနက အင်္ဂျင်နီယာချုပ် ဦးခင်မောင်ကျော်က ဘီဘီစီကို ပြောပါတယ်။

အိန္ဒိယ မြန်မာ ထိုင်း ၃နိုင်ငံ သဘောတူချက် အရ မြဝတီ သင်္ဃန်းညီနောင် ကော့ကရိတ် လမ်းကြောင်းကို ထိုင်းနိုင်ငံဘက်က ကူညီဆောက်လုပ်ပေးနေသလို အခုလည်း တမူး ကလေး ကလေးဝ လမ်းကြောင်းကိုတော့ အိန္ဒိယ နိုင်ငံက ကူညီ ဆောက်လုပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလမ်းကြောင်း ပြီးသွားရင် အရှေ့ အလယ်ပိုင်း-အိန္ဒိယ-အရှေ့ အာရှ နိုင်ငံတွေကို ဆက်သွယ်နိုင်မယ့် အဓိက လမ်းကြောင်း ဖြစ်လာမှာ ဖြစ်တဲ့အတွက် ကုန်သွယ်မှု တန်ဖိုး မြင့်တက်လာမှာ ဖြစ်သလို ကုန်စည် ဖြတ်သန်း သွားလာခွင့် ဝန်ဆောင်ခ ကိုလည်း မြန်မာက ရရှိမှာ ဖြစ်ပါတယ်။