ပထမဆုံး လယ်သမားညီလာခံမှာ လယ်ပိုင်ဆိုင်မှု အကြောင်း ဆွေးနွေးမယ်

  • 29 ဧပြီ 2014
Image caption စျေးကွက် စီးပွားရေးစနစ် ဖော်ဆောင်ချင်ရင် လယ်လုပ်သူ လယ်ပိုင်ခွင့် ပေးတဲ့ ဥပဒေ ရှိဖို့ လိုတယ်လို့ လယ်သမားအရေး လှုပ်ရှားသူတွေက ပြော

မြန်မာနိုင်ငံ တောင်သူလယ်သမားနဲ့ စိုက်ပျိုးရေး အလုပ်သမား သမဂ္ဂများ AFFM ရဲ့ ပြည်လုံးကျွတ် ညီလာခံကို ပဲခူးတိုင်း ဒေသကြီး ဝေါမြို့မှာ ပထမဦးဆုံး အကြိမ်အဖြစ် ဒီကနေ့ အင်္ဂါနေ့မှာ စတင် ကျင်းပမှာ ဖြစ်ပါတယ်။

ညီလာခံ ဦးဆောင် ကျင်းပတဲ့ သမဂ္ဂများ အဖွဲ့ချူပ်ဟာ မြန်မာနိုင်ငံ တနံတလျားက လယ်သမားတွေနဲ့ စိုက်ပျိုးရေး ထုတ်လုပ်ရေး ကဏ္ဍက အလုပ်သမား တွေနဲ့ အသီးသီး ဖွဲ့စည်းထားတဲ့ သမဂ္ဂတွေရဲ့ တပ်ပေါင်းစု ဖြစ်ပါတယ်။

နှစ်ရက်ကြာ ကျင်းပမယ့် ဒီညီလာခံကို AFFM သမဂ္ဂ တပ်ပေါင်းစု ထဲက အဖွဲ့ဝင် သမဂ္ဂပေါင်း ၆၀၀ ကျော်ရဲ့ ကိုယ်စားလှယ်ပေါင်း ၁၂၀၀ ကျော် တက်ရောက်ကြမယ့် အပြင် အပြည်ပြည်ဆိုင်ရာ စားသောက်ကုန်ထုတ် အလုပ်သမား သမဂ္ဂ အဖွဲ့ IUF ရဲ့ အဖွဲ့၀င် နိုင်ငံက ကိုယ်စားလှယ်တွေလည်း တက်ရောက်ကြမှာပါ။

ဒီညီလာခံမှာ တောင်သူလယ်သမားတွေ ရင်ဆိုင် ကြုံတွေ့နေရတဲ့ လယ်ယာမြေ ပိုင်ဆိုင်ခွင့် ပြဿနာအကြောင်း အဓိထား ဆွေးနွေးသွားမယ်လို့ ညီလာခံ ဖြစ်မြောက်ရေးကို စီစဉ်နေတဲ့ AFFM ရဲ့ အထွေထွေ အတွင်းရေးမှူး ကိုဇာနည်သွေးက ဘီဘီစီကို ပြောပါတယ်။

စိုက်ပျိုးမြေတွေကို အခြား နိုင်ငံတော် စီမံကိန်းတွေ အတွက် အသုံးချဖို့ သိမ်းယူတာ မျိုးတွေကြောင့် တကယ် စိုက်ပျိုးတဲ့ တောင်သူတွေ အခက်ကြုံရတဲ့ အတွက် စိုက်ပျိုးမြေတွေကို စိုက်ပျိုးရေး ကိစ္စသာ အသုံးချဖို့ အကာအကွယ်ပြုတဲ့ ဥပေဒ ပေါ်ထွက်လာဖို့ အုပ်ချူပ်ရေးနဲ့ ဥပဒေပြုရေး အာဏာပိုင်တွေကို တောင်းဆိုရေးကို ညီလာခံကနေ ဆုံးဖြတ်ဖို့ ကြိုးစားသွားမယ်လို့ ပြောပါတယ်။

အရင် စီမံကိန်း စီးပွားရေး စံနစ်မှာ မြေယာကို နိုင်ငံတော် ပိုင်တယ် ဆိုပြီး တကယ် စိုက်ပျိုးတဲ့ တောင်သူတွေ လက်မဲ့ ဖြစ်နေတဲ့ အခြေအနေကနေ စျေးကွက် စီးပွားရေး စနစ်ကို ဖော်ဆောင်ချင်တယ် ဆိုရင်တော့ လယ်လုပ်သူတွေကို လယ်ပိုင်ခွင့် ပေးရမယ့် ဥပဒေ ရှိဖို့ လိုပြီလို့ ကိုဇာနည်သွေးက ပြောသွားပါတယ်။