ကျောက်ဖြူ ရေနံ စခန်း စာသင်ကျောင်း လိုအပ်

  • 30 ဧပြီ 2014
pipe burma
Image caption ရခိုင်က တရုတ်ပြည်ထိ ဓာတ်ငွေ့ပို့လွှတ်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ တရုတ် ရေနံကုမ္ပဏီ စီအန်ပီစီ လုပ်ငန်းခွင်မှာ လုပ်ကိုင်နေကြတဲ့ မြန်မာ အလုပ်သမားတွေရဲ့ သားသမီးတွေဟာ စာသင်ကျောင်းမရှိတဲ့ အတွက် စာမသင်ရဘဲ ဖြစ်နေကြတယ်လို့ သိရပါတယ်။

ကျောက်ဖြူ မြို့နယ် မဒေးကျွန်း မှာရှိတဲ့ တရုတ် ရေနံနဲ့ ဂတ်စ်ပိုက်လိုင်း ကုမ္ပဏီ စီအန်ပီစီရဲ့ စီမံကိန်းမှာ အလုပ် လုပ်နေကြတဲ့ မြန်မာ အလုပ်သမား မိသားစု ၄ဝဝ ကျော်ခန့် ဟာ စီမံကိန်းရဲ့ အပြင်ဘက် မိုးလေ၀သလို့ အမည်ပေးတဲ့ ကုန်းမော့မော့ လေးတွေမှာ ဂုံနီအိတ်၊ ပီနန်အိတ်တွေနဲ့ ဆောက်လုပ် ထားတဲ့ တဲလေးတွေမှာ မိသားစု အလိုက် နေထိုင်ကြပါတယ်။

အဲဒီမှာ နေထိုင် နေတဲ့ အလုပ်သမား တွေရဲ့ သားသမီး တွေဟာ အနီးအနားမှာ ကျေးရွာ စာသင်ကျောင်း မရှိတဲ့ အတွက် စာသင်ဖို့ အခက်အခဲ ဖြစ်နေကြတယ်လို့ အလုပ်သမား ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးစံသိန်းက ပြောပါတယ်။

စခန်းက ကလေး ၃ဝ၅ ယောက်ဟာ စာသင်ကျောင်း မရှိတဲ့ အတွက် စာမသင် ရဘဲ ဖြစ်နေပါတယ်။

ဒါကြောင့် မိဘတွေက ကလေးတွေ ရှေ့ရေးကို တွေးပြီး နေရပ်ရင်း ပြန်လို ကြပေမယ့် ပြန်ရောက်ရင် အလုပ်အကိုင်မရှိ ဖြစ်နေမှာ စိုးလို့ မပြန်နိုင်ဘဲ ဖြစ်နေကြတယ်လို့ သူက ဆိုပါတယ်။ စီမံကိန်းမှာ လာအလုပ် လုပ်ကြတဲ့ အလုပ်သမားတွေဟာ ရခိုင်ပြည်နယ် အနှံ့က လာကြတဲ့ သူတွေ ဖြစ်ကြပြီး မြန်မာ ပြည်မ ဘက်က လာလုပ်သူတွေလည်း အနည်းအကျဉ်း ရှိပါတယ်။

အလုပ်သမားတွေ အဆောင်တွေ မရကြတဲ့ အတွက် ကျန်းမာရေးနဲ့ မညီဘဲ နေထိုင်နေကြ သလို ကျောင်းလည်း မရှိတာကြောင့် ကလေးငယ်တွေ အတွက် ပညာရေးပိုင်းမှာ အခက်ကြုံ နေကြရပါတယ်။

တရုတ် ကုမ္ပဏီ တာ၀န်ရှိသူတွေကို မြန်မာ အလုပ်သမားတွေရဲ့ အရေးနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ ကြိုးစားပေမယ့် ဖြေဆိုဖို့ ငြင်းဆိုပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ