ဧရာဝတီတိုင်းတွင်းက လယ်မြေပြဿနာ ရှင်းဖို့ သူရဦးရွှေမန်းပြော

ဓာတ်ပုံ မူပိုင် AFP
Image caption ပုသိမ်မြို့မှာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေ လွှတ်တော် ကိုယ်စားလှယ်တွေ အရပ်ဘက်လူမှု အဖွဲ့တွေနဲ့ တွေ့စဉ်မှာ သူရဦးရွှေမန်း ပြောခဲ့

ဧရာဝတီတိုင်း အတွင်းက လယ်ယာမြေ ပြဿနာတွေကို လာမယ့် မေလထဲမှာ အပြီးသတ် ဖြေရှင်းပေးကြဖို့ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဧရာဝတီတိုင်း အစိုးရ အဖွဲ့ကို ဒီရက်ပိုင်းထဲမှာ ညွန်ကြားခဲ့ပါတယ်။

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ မြို့တော်ခန်းမမှာ သူရ ဦးရွှေမန်းနဲ့ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်တွေ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတုန်းမှာ သူက အခုလို ညွှန်ကြားခဲ့တာပါ။

ဧရာဝတီတိုင်း အတွင်းမှာ လယ်ယာမြေ သိမ်းဆည်းခံရမှုနဲ့ မြေယာ ပိုင်ဆိုင်ခွင့် ပြသနာတွေဟာ နေရာတိုင်းမှာ လိုလို ဖြစ်ပေါ်နေတယ် လို့ လယ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

လယ်ယာမြေ ပေါ်ပေါက်ရေး စီမံကိန်းတွေ လုပ်တဲ့ နေရာမှာ မြေလွတ် မြေရိုင်းဆိုပြီး ချထားပေးခဲ့ပေမယ့် တကယ်တမ်းမှာ မြေလွတ်မြေရိုင်း မဟုတ်ပဲ လက်ရှိ လယ်လုပ်နေတဲ့ လယ်တွေ ဖြစ်တာကြောင့် ပြဿနာတွေ ပေါ်ခဲ့တာမျိုးတွေ ရှိတယ်လို့ လယ်သမား အခွင့်အရေး အဖွဲ့က ဒေါက်တာ စိုးထွန်းက ဘီဘီစီကို အခုလို ပြောပြပါတယ်။ ဒီလို ပြသနာတွေကို အစိုးရက ကိုင်တွယ် ဖြေရှင်းရာမှာ အချိန် ကြန့်ကြာနေတဲ့ အတွက် လယ်သိမ်းခံရတဲ့ တောင်သူတွေက စိတ်ပျက်နေကြတာပါ။ လယ်ယာမြေတွေကို သိမ်းဆည်းသွားခဲ့တဲ့ အဖွဲ့အစည်းနဲ့ ကုမ္မဏီတွေအနေနဲ့ စီမံကိန်းထဲမှာ ပါတဲ့ လုပ်ငန်းတွေကို မလုပ်ကိုင်ဘဲ တခြား လယ်သမားတွေကို သီးစားခနဲ့ ငှားရမ်းလုပ်ကိုင်ခွင့် ပေးခဲ့တာတွေ ရှိပါတယ်။

ဒီလိုမျိုးလုပ်ခဲ့လို့ ဖြစ်လာခဲ့တဲ့ ပိုင်ဆိုင်ခွင့် အရှုပ်အရှင်းတွေဟာလဲ လယ်ယာမြေတွေ ပြန်လည် လွှဲပြောင်းရေးကို ကြန့်ကြာစေတဲ့ အချက်တစ်ချက် ဖြစ်နေပါတယ်။

သူရဦးရွှေမန်းနဲ့ တွေ့ဆုံပွဲမှာ လယ်သမားတွေကို ကူညီ ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်း တချို့ကို တက်ရောက်ခွင့် ပေးခဲ့ပေမယ့် ပြသနာတွေကို မတင်ပြကြဖို့ တိုင်းအစိုးရ အဖွဲ့က ကြိုတင် သတိပေးခဲ့တယ်လို့ တက်ရောက်ခဲ့သူ တစ်ယောက်က ပြောပါတယ်။