အကြမ်းဖက်မှု တားဆီးရေး နဲ့ PEN Myanmar

  • 30 ဧပြီ 2014
hate ဓာတ်ပုံ မူပိုင် BBC World Service
Image caption အမုန်းတရား ဖြန့်ဖြူးမှုတွေ စောင့်ကြည့်

ငြိမ်းချမ်းရေးကို ပျက်ပြားပြီး ပဋိပက္ခ ဖြစ်စေ နိုင်တဲ့ ရေးသား တင်ဆက် မှုတွေကို စောင့်ကြည့်ဖို့ အများ ပြည်သူ ပါဝင်နိုင်တဲ့ အစီအစဉ် တခုကို PEN Myanmar စာရေးဆရာ အဖွဲ့က စတင် လိုက် ပါတယ်။

ဒီလို ရေးသားမှု တွေကို တွေ့မြင်ခဲ့ရင် PEN Myanmar ကို သတင်း ပို့ကြဖို့ ဖုန်းနံပါတ်နဲ့ အီးမေးလ် လိပ်စာတွေ ကိုလည်း ကြေညာ ထားပါတယ်။

ရုပ်မြင်သံကြား၊ သီချင်းစာသား၊ ပုံနှိပ်နဲ့ အင်တာနက် မီဒီယာတွေကို အဓိကထား စောင့်ကြည့် သွားကြမှာပါ။

လူမျိုးရေးနဲ့ ဘာသာရေး ဆိုင်ရာ ခွဲခြား ဆက်ဆံမှု တွေကို အားပေး တာတွေ၊ တန်းတူညီမျှ သဘော တရား ကို ထိပါးတဲ့ ရေးသား ပြောဆိုမှုတွေ အပြင် လူသားချင်း အမုန်းပွားပြီး ငြိမ်းချမ်းရေးကို ထိခိုက် ပျက်ပြား စေတဲ့ ထုတ်ဖော် ပြောဆို ရေးသားမှု တွေကို PEN Myanmar ကို အသိပေး ကြဖို့ မေတ္တာ ရပ်ခံပါတယ်။

ကာယကံမြောက် အကြမ်းဖက်မှု တွေနဲ့ စနစ်အရ ကျုးလွန်တဲ့ အကြမ်းဖက်မှု တွေအပြင် ရှိရင်းစွဲ ယဉ်ကျေးမှု တွေက ခွင့်ပြုထားတဲ့ အကြမ်းဖက်မှု တွေကို အားပေးတဲ့ ရေးသား ပြောဆိုမှုတွေကို သတင်း ပေးပို့နိုင်တယ် လို့ PEN Myanmar က ပြောပါတယ်။

ဒီစောင့်ကြည့် လေ့လာရေး အစီအစဉ်ကို မေလဆန်းက စတင်ပြီး သုံးလကြာ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီသတင်း ပေးပို့ချက်တွေကို PEN Myanmar အဖွဲ့၀င် တွေရဲ့ လေ့လာ တွေ့ရှိချက် တွေနဲ့ ပေါင်းပြီး အစီရင်ခံစာ တခု ရေးမှာပါ။ ပြီးတဲ့အခါမှာ အများ ပြည်သူ အပါအဝင် အစိုးရနဲ့ အဖွဲ့အစည်း အသီးသီး ကြားမှာ ဖြန့်သွားမှာ လို့ သိရပါတယ်။

ဒီအစီရင်ခံစာ လူထုကြားမှာ ထွက်လာတဲ့ အခါ အစိုးရကို တိုက်တွန်း အားပေး တာမျိုး ဖြစ်စေဖို့ ရည်ရွယ်ချက် ရှိသလို အစိုးရက ဒီကိစ္စကို ကိုင်တွယ် ဆောင်ရွက် တဲ့အခါ ဒီအစီရင်ခံစာ ထဲက အချက်အလက် တွေက အထောက်အကူ ဖြစ်လာ လိမ့်မယ် လို့ PEN Myanmar က မျှော်လင့်ပါတယ်။

လောလောဆယ်မှာ အမုန်းတရား တွေ ပြန့်ပွားစေတဲ့ ပြောဆို ရေးသားမှု တွေကို တားဆီးဖို့ အစိုးရရဲ့ ဆောင်ရွက်မှုက အားရစရာ မရှိဘဲ တချို့နေရာ တွေမှာ မျက်ကွယ်ပြု သလို ဖြစ်နေတယ်လို့ PEN Myanmar က ကိုနေဘုန်းလတ်က ဖြေပါတယ်။

လူမှုဝက်ဆိုက် တွေပေါ်က အမုန်းတရား ဖြန့်မှုတွေကြောင့် သာမန် ရာဇဝတ်မှု တွေကနေ ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်ခဲ့ရတယ်လို့ ပြီးခဲ့တဲ့နှစ်က အမေရိကန် သံရုံးနဲ့ ပူးပေါင်း ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲ တခုမှာ သမ္မတရဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က ပြောပါတယ်။

ဒါပေမဲ့ အာဏာရ အစိုးရ အနေနဲ့ ဒီကိစ္စအပေါ် သေသေချာချာ ကိုင်တွယ် အရေးယူ ဖြေရှင်းတဲ့ နေရာမှာ အားနည်းချက်တွေ အများကြီး ရှိနေတယ်လို့ ဝေဖန်တာကို ခံနေရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ