မေဒေးနေ့ ဆန္ဒပြပွဲနဲ့ မေဒေးနေ့ အခမ်းအနား

  • 1 မေ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ရန်ကုန်မြို့လယ်မှာ လုပ်ခဲ့တဲ့ မေဒေးနေ့ ဆန္ဒပြပွဲ

မြန်မာ နိုင်ငံမှာ လူ ၄၀၀ လောက် ပါဝင်တဲ့ မေဒေးနေ့ ဆန္ဒပြပွဲတွေကို ဒီကနေ့ မေလ ၁ ရက်နေ့မှာ ရန်ကုန်မြို့လယ်မှာ ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂများကွန်ရက် က ဦးဆောင်ပြီး ရန်ကုန်မြို့ ဆူးလေဘုရားနဲ့ မဟာဗန္ဓုလ ပန်းခြံ အနီးတဝိုက်မှာ စီတန်းလှည့်လည် ခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေက တနေ့ ၈ နာရီ အလုပ်ချိန် အတွက် အနိမ့်ဆုံး လုပ်ခ ကျပ် ၅၆၀၀ သတ်မှတ်ရေး၊ အလုပ် သမားတွေကို တဖက်သတ် အလုပ်မထုတ်ရေး နဲ့ ဖွဲ့စည်းပုံဥပဒေ ပုဒ်မ တချို့ကို ပြင်ဆင်ရေး တို့ အပါအဝင် အချက် ကိုးချက်ကို တောင်းဆိုခဲ့ကြပါတယ်။

စစ်တပ် ကြီးစိုးတဲ့ ဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင်နိုင်မှ အလုပ်သမား အခွင့်အရေး အပါအဝင် လူ့အခွင့်အရေး တွေကို ဒီမိုကရေစီ စံနှုန်းတွေနဲ့ အညီ ခံစား ရရှိ နိုင်လိမ့်မယ်လို့ ဆန္ဒပြသူ တဦးဖြစ်တဲ့ ဦးဌေးက ဘီဘီစီကို ပြောပါတယ်။

လှိုင်သာယာမှာတော့ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (FTUM) က ဦးစီး ကျင်းပတဲ့ မေဒေးနေ့ အခမ်းအနားကို သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းနဲ့ အလုပ်သမား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးထင်အောင်တို့ တက်ရောက် ခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် U Hla Maung Shwe
Image caption လှိုင်သာယာ မှာ ကျင်းပတဲ့ ပွဲကို ဝန်ကြီး ဦးအောင်မင်း တက်ခဲ့

မေဒေးနေ့ အတွက် ထုတ်ပြန်တဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ အလုပ်သမားနေ့ သဝဏ်လွှာ မှာ အလုပ်သမား အများစုရဲ့ လူမှုရေး ကာကွယ် စောင့်ရှောက်မှု တွေ တိုးချဲ့ နိုင်တော့ မယ်လို့ ဆိုထား ပါတယ်။

အလုပ်ရှင်နဲ့ အလုပ်သမား ကြား သင့်တင့် မျှတတဲ့ အလုပ်သမား ရေးရာ ကျင့်စဉ်တွေ ရှင်သန် နိုင်အောင် ဥပဒေတွေနဲ့ မူဝါဒတွေ ကိုလည်း မဟာဗျူဟာ နည်းဗျူဟာ တွေ ချမှတ် ဆောင်ရွက် နေတယ်လို့ ပြောထား ပါတယ်။

ရန်ကုန်မြို့က တိုင်ရီ ဖိနပ်စက်ရုံမှာ အလုပ်လုပ် နေတဲ့ မမြတ်စုလှိုင် ကတော့ သူတို့ရဲ့ အခြေခံ လုပ်အားခဟာ တလကို သုံးသောင်းကျပ် ဝန်းကျင်သာရပြီး အချိန်ပို လုပ်အားခနဲ့ ပေါင်းမှ လခ တသိန်းကျော် ရတယ်လို့ ပြောပါတယ်။

သူတို့ရဲ့ စက်ရုံမှာ လည်း စည်းကမ်း တင်းကျပ်ပြီး လူ ၅၀ အတွက် အိမ်သာသွားခွင့် ကဒ်ပြား တခု၊ ရေသောက်ခွင့် ကဒ်ပြား တခုသာ ထားတာကြောင့် အလှည့်ကျ အိမ်သာ သွားရတဲ့ စံနစ်ဟာ အခက်အခဲဖြစ် စေတယ် လို့လည်း ပြောပါတယ်။

အလုပ် မဆင်း နိုင်တဲ့ အခါမှာလည်း ဆေးစာ တင်ပြ နိုင်ရင်တောင် လုပ်အားခ တရက်ကို ကျပ် ၁၈၅၀ ဖြတ်ခံ ရပြီး ဆေးစာ မပြ နိုင်ရင် ကျပ် ၇၀၀၀ အထိ အဖြတ် ခံရတယ် လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ