ဘာသာရေး လွတ်လပ်ခွင့် အချိုးနှိမ်ဆုံး ၈ နိုင်ငံထဲ မြန်မာ ပါဝင်ဆဲ

  • 1 မေ 2014
ဓာတ်ပုံ မူပိုင် uscirf
Image caption ဘာသာရေး လွတ်လပ်ခွင့် အစိုးရိမ်ရဆုံး စာရင်း ၂၀၁၄ ခုနှစ်အတွက် USCIRF ထုတ်ပြန်

ကမ္ဘာပေါ်က ဘာသာရေး လွတ်လပ်ခွင့် ချိုးနှိမ်မှု အဆိုးဆုံး ၈ နိုင်ငံထဲမှာ မြန်မာနိုင်ငံ ပါနေတုန်းလို့ အမေရိကန်ရဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင် USCIRF က ထုတ်ဖော် ပြောလိုက် ပါတယ်။

မြန်မာ နိုင်ငံမှာ ရိုဟင်ဂျာ မွတ်ဆလင်တွေကို ဦးတည် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ အစိုးရက အရေးယူ ဆောင်ရွက်မှာ မရှိတာကို ၂၀၁၄ ခုနှစ် အတွက် ထုတ်ပြန်တဲ့ USCIRF နှစ်ပတ်လည် အစီရင်ခံစာမှာ အဓိက ထောက်ပြထား ပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေ ဖြစ်နေတဲ့ ကချင်ပြည်နယ် မှာလည်း ခရစ်ယာန်တွေ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်လို့ ဆိုထားပါတယ်။

မြန်မာ၊ တရုတ်၊ မြောက်ကိုရီးယားနဲ့ ဆော်ဒီအာရေဗျ အပါအဝင် ၈ နိုင်ငံကို ဘာသာရေး ဖိနှိပ်မှု စိုးရိမ်စရာ အကောင်းဆုံး နိုင်ငံတွေစာရင်းမှာ ဆက်လက် ထားရှိဖို့ အမေရိကန် နိုင်ငံခြားရေး ဌာနကို USCIRF က တိုက်တွန်းထား ပါတယ်။

နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ဥပဒေ ပြဌာန်းချက်ပါ အချက်အလက်တွေနဲ့ အညီ မြန်မာအစိုးရက မဖြစ်မနေ လိုက်နာဆောင်ရွက်လာစေမယ့် သဘောတူညီချက် တစ်ခု ရရှိအောင် မြန်မာ အစိုးရနဲ့ ညှိနှိုင်း ဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်း ပါတယ်။

ဒါကို မြန်မာ နိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလ သမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက ထောက်ခံပါတယ်။

မြန်မာ အစိုးရက နိုင်ငံတွင်းမှာ တခြား ဘာသာဝင်တွေကို တရားဝင် အသိအမှတ်ပြုထားပြီး လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးထားပေမဲ့ မွတ်ဆလင်တွေ အပေါ် ဆန့်ကျင်မှုတွေတော့ ရှိနေတာ တွေ့ရကြောင်း သူက ဆက်ပြော ပါတယ်။

နိုင်ဂျီးရီးယားနဲ့ ဗီယက်နမ် အပါအဝင် နောက်ထပ် ၈ နိုင်ငံကိုလည်း နိုင်ငံခြားရေး ဌာနက စောင့်ကြည့်ရမယ့် နိုင်ငံတွေ အဖြစ် USCIRF ကအကြံပြု ဖော်ပြထားပါတယ်။

အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ လာအို နဲ့ အတူ ၁၀ နိုင်ငံတို့ကိုတော့ ဘာသာရေး လွတ်လပ်ခွင့် မရှိတဲ့ ဒုတိယ အဆိုးဆုံးအဆင့် နိုင်ငံများ စာရင်းမှာ ထည့်ထားပေမဲ့ အမေရိကန် နိုင်ငံခြားရေး ဌာနက စောင့်ကြည့် အရေးယူဖို့ တိုက်တွန်းထားတာ မတွေ့ရပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ