ရခိုင်မှာ အကူအညီ ပြန်စနိုင်ဖို့ ဆွေးနွေး

  • 2 မေ 2014
rakhine_unicef_ ဓာတ်ပုံ မူပိုင် AFP
Image caption ရခိုင်က ယူနီဆက်ဖ်ရုံး

မြန်မာနိုင်ငံ ရခိုင်ဒေသမှာ ရပ်နားထားတဲ့ နိုင်ငံတကာ NGO အဖွဲ့အစည်းတွေရဲ့ လူသားချင်း စာနာတဲ့ အကူအညီပေးရေး လုပ်ငန်းတွေ ပြန်ဆောင်ရွက်နိုင်ရေးအတွက်၊ NGO အဖွဲ့တွေနဲ့ နိုင်ငံတော် အဆင့် အစိုးရ အဖွဲ့တို့၊ ဒီကနေ့ ဧပြီ ၂ ရက်နေ့ မနက်၊ စစ်တွေမြို့မှာ ဆွေးနွေး ညှိနှိုင်းကြမှာ ဖြစ်ပါတယ်။

လောလောဆယ် ရခိုင်ဒေသမှာ ရှိနေဆဲ ICRC နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့အနေနဲ့ကတော့၊ လုပ်ငန်းတွေကို အပြည့်အဝ ဆောင်ရွက်နိုင်စွမ်း မရှိသေးဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ICRC အကြီးအကဲ ယာ့ဂ် မွန်တာနီ ဘီဘီစီကို ပြောပါတယ်။

ဒီလို မဆောင်ရွက်နိုင်တာဟာ၊ ဒေသခံတွေရဲ့ နိုင်ငံတကာ အဖွဲ့တွေ ရခိုင်ပြည်နယ် အတွင်း တည်ရှိမှုကို လက်ခံနိုင်စွမ်း ရှိ မရှိနဲ့၊ နိုင်ငံတကာ အဖွဲ့တွေရဲ့ လုံခြုံရေးကို အစိုးရက အာမခံ နိုင်မှုတွေ အပေါ် စိုးရိမ်မှုတွေ ရှိနေရဆဲ ဖြစ်နေတဲ့ အတွက်ဆိုပြီး မစ္စတာ မွန်တာနီက ဆိုပါတယ်။

အစိုးရဘက်ကတော့၊ နိုင်ငံတကာ အဖွဲ့တွေရဲ့ လုပ်ငန်းတွေ ပြန်လည် စတင်နိုင်အောင်၊ အရေးပေါ် ညှိနှိုင်း ဆောင်ရွက်ရေး ကော်မတီဖွဲ့ပြီး၊ ကြိုးပမ်းနေပါတယ်။

စစ်တွေမြို့ပေါ်မှာတော့ NGO အဖွဲ့ရုံးတွေ အရင်ကလို ပျံ့ကြဲမနေရပဲ၊ နေရာ သတ်သတ်မှတ် ထားရှိဖို့ စီစဉ်ထားတယ်လို့ မြို့မိမြို့ဖ တစ်ဦးဖြစ်တဲ့၊ ဦးသာပွင့်က ပြောပါတယ်။

ဖြစ်ပေါ်ခဲ့တဲ့ NGO တွေ အတိုက်အခိုက် ခံခဲ့ရမှုဟာ၊ နိုင်ငံခြားသားတွေ ဖြစ်လို့သက်သက် မဟုတ်ပဲ၊ သာသနာ့ အလံနဲ့ ပတ်သက်ပြီး မဖွယ်မရာ အပြုခံရတယ် ဆိုတဲ့ လက်တလော သတင်းနဲ့၊ မတူတဲ့အုပ်စု အကြား အဲဒီ့ နိုင်ငံတကာ အဖွဲ့တွေက ဘက်လိုက် ဆက်ဆံတယ် ဆိုတဲ့ ရှိနှင့်ထားပြီး အမြင်တို့ကြောင့် ဖြစ်တယ်လို့ ဦးသာပွင့်က ပြောပါတယ်။

NGO တွေ ပြန်လာပါလို့ ဖိတ်ခေါ်တာကလည်း အစိုးရကသာ ဖြစ်ပြီး၊ ဒေသခံတွေမှာတော့ အဲဒီ့ အမြင် မကြည်မှု ဆက်လက်ရှိနေဆဲ ဖြစ်တဲ့အတွက်၊ NGO တွေဘက်ကလည်း၊ အဲဒီ့ ထင်မြင်ချက် ပျောက်ကွယ်သွားအောင်၊ မျှမျှတတ ဆက်ဆံပြဖို့ လိုမယ် ဆိုပြီး ဦးသာပွင့်က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ