မန္တလေး ရွှေကျောင်း မှတ်တမ်းတင် ပုံရိုက်

shwe kyaung
Image caption အမေရိကန် အကူနဲ့ ပြုပြင် ထိန်းသိမ်းရေး စတင်

သက်တမ်းနှစ် ၁၃ဝ ကျော်ရှိ ရွှေကျောင်းလို့ လူသိများတဲ့ မန္တလေးမြို့က ရွှေနန်းတော် ကျောင်း ကို ပြန်လည် ပြုပြင်တဲ့ စီမံကိန်း တွေ ဧပြီလ ကုန်ပိုင်းကစပြီး ကနဦး စစ်ဆေးရေး လုပ်ငန်းတွေ လုပ်နေပါပြီ။

ပဏာမ အနေနဲ့ တိုင်လုံး တွေရဲ့ ခံနိုင်မှု စစ်ဆေးတာ၊ ခေါင်မိုးတွေ ကနုတ်ပန်းတွေ ၊ အရုပ်တွေရဲ့ ပျက်စီး ယိုယွင်းမှု အတိုင်းအတာ တွေကို အတိအကျသိနိုင်ဖို့ အမေရိကန်နဲ့ မြန်မာ ပညာရှင် တွေ ပူးပေါင်းပြီး ခေတ်မီ စက်ကိရိယာ တွေနဲ့ ၃ ဘက်မြင်ရုပ်ပုံတွေနဲ့ ဗိသုကာ ပုံကြမ်းတွေ လေဆာဓာတ်ပုံတွေ ရိုက်တဲ့ လုပ်ငန်းကို စတင် နေတာပါ။ ဒီရွှေကျောင်းကြီးနဲ့ ပတ်သက်တဲ့ သမိုင်း အချက်တွေက ရှိသင့်သလောက် မစုံ ဖြစ်နေလို့ ဒီကျောင်းကြီးနဲ့ ပတ်သက်တဲ့ ပုံတွေ၊ အချက်အလက်တွေ ရသလောက် စုဆောင်း တာမျိုး အရင်လုပ်ဖို့ ဆုံးဖြတ်ထားတဲ့ အကြောင်း နဲ့ လာမယ့် စက်တင်ဘာ ကျရင် အဓိက ကျတဲ့ လုပ်ငန်း တွေကို အသေးစိတ် လေ့လာဖို့ စီစဉ် ထားတယ်လို့ ဒီအဖွဲ့ကို ဦးဆောင်တဲ့ အမေရိကန်က ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် ရန်ပုံငွေအဖွဲ့ စီမံကိန်း ညွှန်ကြားရေးမှူး ဂျက်ဖ် အယ်လန်က ပြောသွား ပါတယ်။

လေဆာစကန် ဖတ်လို့ ရလာတဲ့ သုံးဘက်မြင် ပုံရိပ်တွေကို ကြည့်ပြီး တိုင်အခြေတွေ၊ တိုင်အတွင်းပိုင်း တွေထဲ ခြတွေ စားနေတာ ရှိမရှိ ဆွေးနေတာ တွေ ရှိမရှိ တွေကို လည်း သုတေသန လုပ်ပြီးမှ ဒီကျောင်းကြီး ပြုပြင်တဲ့ အခါ ရှေးမူမပျက် ပြင်သွားမယ်လို့ ပြောသွားပါတယ်။

လတ်တလော ပြုပြင်ဖို့ လေ့လာနေချိန် အတွင်း အများပြည်သူ လေ့လာတာ တွေကို ပိတ်ပင် မထားဘူးလို့ ရွှေကျောင်း ပြုပြင်မှု မှာ မြန်မာ ပညာရှင် ဘက်က သမိုင်းသုတေသီ ဒေါက်တာ တင်မောင်ကြည်က ပြောပါတယ်။

ဒီကျောင်းတော်ကြီး ပြုပြင်စရိတ်ကို အမေရိကန် သံအမတ် တွေရဲ့ ယဉ်ကျေးမှု အဆောက်အဦ ထိန်းသိမ်းရေး ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၅ သိန်းနဲ့ စတင်မှာ ဖြစ်ပြီး ပြုပြင်ရေး ကာလ၂ နှစ် ကြာမယ် လို့ သိရပါတယ်။

ဒီ ရွှေကျောင်းတော်ကြီး ဟာ နန်းတော်မှာ မင်းတုန်းမင်း စံမြန်းခဲ့တဲ့အဆောင်ဖြစ်ပြီး သူနတ်ရွာစံ ပြီးတဲ့အခါ သားတော် သီပေါမင်းက အဆောင် တခုလုံး ကို ရွှေ့ပြောင်း ပြီး အခုနေရာမှာ ဘုန်းကြီးကျောင်း အဖြစ် ဆောက်လုပ် လှူဒါန်းခဲ့တာ ဖြစ်ပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ