စာနယ်ဇင်း လွတ်လပ်ခွင့် နေ့ မြန်မာကျင်းပ

  • 3 မေ 2014
ဓာတ်ပုံ မူပိုင် MOI
Image caption ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်

မေလ (၃)ရက်နေ့ မှာ ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day) အခမ်းအနားကို ပြန်ကြားရေးဝန်ကြီးဌာန နဲ့ ကုလသမဂ္ဂပညာရေး၊ သိပ္ပံ နဲ့ ယဉ်ကျေးမှုအဖွဲ့ (UNSECO) တို့ ပူးပေါင်း ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားမှာ အစိုးရသစ်တက်လာပြီးနောက်ပိုင်း ပုဂ္ဂလိကသတင်းစာတွေထုတ်ဝေခွင့်ပေးတာ ၊ ဆင်ဆာ ရုတ်သိမ်းပေးတာ၊ သတင်းမီဒီယာ ဥပဒေရေးခွင့်ပေးတာ၊ စာနယ်ဇင်းကောင်စီထွက်ပေါ်လာတာ နဲ့ ပြည်ပရောက်မီဒီယာတွေကို ပြည်တွင်းမှာ တရားဝင်မီဒီယာ လိုင်စင်တွေ ချပေးနိုင်ခဲ့တယ်လို့ ပြန်ကြားရေး ဝန်ကြီး ဦးအောင်ကြည်က ပြောပါတယ်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ အတွင်းရေးမှူး ဦးကျော်မင်းဆွေ ကတော့ လက်ရှိ စာနယ်ဇင်းလွတ်လပ်ခွင့် အခြေအနေက တက်လိုက် ကျလိုက် အနေအထားမှာ ရှိတယ်လို့ ဆိုပါတယ်။

ဒီကနေ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ လွတ်လပ်စွာ ထုတ်ဖော်ခွင့် နဲ့ လွတ်လပ်တဲ့ မီဒီယာတွေ ပေါ်ထွန်းလာရေး အတွက် အစိုးရတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ လူတစ်ဦးချင်းစီက ပူးပေါင်းဆောင်ရွက်ကြဖို့ UNESCO နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း တို့ က ပူးတွဲထုတ်ပြန်ပါတယ်။

အခမ်းအနားမှာ ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက် မီဒီယာလွတ်လပ်ခွင့် Media Freedom For a Better Life ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးဟောပြောခဲ့ကြပေမယ့် သတင်းသမားတွေကို တည်ဆဲဥပဒေတွေနဲ့ အရေးယူမှုတွေ ရှိနေတဲ့ မြန်မာနိုင်ငံမှာ အနာဂတ်စာနယ်ဇင်းလွတ်လပ်ခွင့်ကို ပုံဖော်နိုင်ဖို့ အရေး သတင်းသမားတွေဘက်ကလည်း တောင်းဆိုနေကြပါတယ်။

ဒီကနေ့မှာပဲ မြန်မာ သတင်းစာ ဆရာများ သတင်းမီဒီယာကျင့်ဝတ်ကို မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ ယာယီ က အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ယာယီ နဲ့ နိုင်ငံတကာမီဒီယာပံ့ပိုးရေးအဖွဲ့တို့ ပူးပေါင်းအကောင်အထည်ဖေါ်ခဲ့တဲ့ မြန်မာ သတင်းစာ ဆရာများ သတင်းမီဒီယာကျင့်ဝတ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ သတင်းမီဒီယာကျင့်ဝတ်ကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ယာယီ က မူကြမ်းရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

အဲဒီမူကြမ်းအပေါ် ပြီးခဲ့တဲ့ မတ်လ နဲ့ ဧပြီလတွေမှာ မြန်မာနိုင်ငံက မြို့ကြီး ၈ မြို့မှာ သတင်းသမားတွေနဲ့ အလုပ်ရုံဆွေးနွေးမှုတွေ လုပ်ခဲ့ပါပြီး အဲဒီက ရရှိခဲ့တဲ့ အကြံပြုချက် သဘောထားတွေနဲ့ အခုလို သတင်းမီဒီယာကျင့်ဝတ် အသေးစိတ်ကို ပြင်ဆင်ဖြည့်စွက်ကာ အခုလို ထုတ်ပြန်တာလို့ မြန်မာဂျာနယ်လစ်ကွန်ယက် အထွေထွေအတွင်းရေးမှူး၊ စာနယ်ဇင်းကောင်စီ ယာယီ အဖွဲ့ဝင် ဦးမြင့်ကျော်က ပြောပါတယ်။

သတင်းမီဒီယာကျင့်ဝတ်မှာ ဘက်မလိုက်မှု၊ ပုဂ္ဂလိက အခွင့်အရေး၊ ကလေးသူငယ်များ ဆိုင်ရာအခွင့်အရေး၊ သဘာဝဘေးအန္တရာယ် တွေ့ဆုံခံစားကြရသူတွေနဲ့ပတ်သက်တဲ့ သတင်းတွေ၊ ရာဇဝတ်မှုခင်းဆိုင်ရာ သတင်းတွေရေးသားရာမှာ လိုက်နာသင့်တဲ့ ကျင့်ဝတ်တွေ အဓိကပါဝင်သလို ဓါတ်ပုံနဲ့ ရုပ်မြင်သံကြားထုတ်လွှင့်မှုဆိုင်ရာ သတင်းဖေါ်ပြချက်တွေတဲ့ပတ်သက်တဲ့ ကျင့်ဝတ်တွေလည်းပါဝင်တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ