NLD ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မီတီဖွဲ့

  • 6 မေ 2014
လက်ရှိ အခြေအနေအရ NLD ဟာ ခိုင်မာနေဆဲပဲလို့ ဆို

၂၀၁၄ ခုနှစ်မှာ ကျင်းပဖို့ရှိတဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ပြင်ဆင်တဲ့ အနေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဗဟို ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီ ဖွဲ့စည်း လိုက်ပါတယ်။

တနင်္လာနေ့က ကျင်းပခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်ရဲ့ ဗဟို အလုပ် အမှုဆောင် အစည်းအဝေး ကနေ ကြားဖြတ် ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီကို ပါတီ နာယက ဦးတင်ဦး အပါအဝင် ပုဂ္ဂိုလ် ၅ ဦးနဲ့ ဖွဲ့စည်းလိုက်တာပါ။

NLD အနေနဲ့ ၂၀၁၄ ကြားဖြတ် ရွေးကောက်ပွဲ အတွင်း ပေါ်ပေါက်လာမယ့် လစ်လပ် နေရာ အားလုံးမှာ ဝင်ရောက် ယှဉ်ပြိုင်သွားဖို့ ရည်ရွယ်ထားပြီး ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေကို ဦးစားပေး အဆင့်တွေနဲ့ သတ်မှတ် ရွေးချယ် သွားမယ်လို့ အဲဒီ ကော်မီတီထဲမှာ အဖွဲ့ဝင် တဦး ဖြစ်တဲ့ ဦးဉာဏ်၀င်းက ဘီဘီစီကိုပြောပါတယ်။ ၂၀၁၂ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ တုန်းက NLD အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင် ခဲ့တဲ့ နေရာတိုင်း နီးပါးမှာ အနိုင်ရခဲ့ပေမယ့် နောက်ပိုင်း ပြောင်းလဲလာတဲ့ နိုင်ငံရေး အခြေအနေမှာ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို အမျိုးသားရေး အခြေခံ အမြင်နဲ့ ဝေဖန်မှုတချို့ ရှိလာခဲ့ပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲ ကျင်းပတိုင်း ဆန့်ကျင်တဲ့ အင်အားစု ဆိုတာ ရှိတတ်စမြဲ ဖြစ်ပြီး လက်ရှိ အခြေအနေအရ NLD ဟာ ခိုင်မာနေဆဲ ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

NLD ဟာ ဗဟိုနဲ့ တိုင်းနဲ့ ပြည်နယ် ပါတီ အဖွဲ့တွေ အကြား အမြဲ ထိစပ်မှု ရှိနေပြီး ဆက်ဆံရေး အခြေအနေဟာ အကောင်းဆုံးမှာ ရှိနေတယ်လို့လည်း ဦးဉာဏ်ဝင်းက ဆိုပါတယ်။

၂၀၁၄ ခုနှစ် ကုန်ပိုင်းမှာ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပဖို့ ရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြောထားပေမယ့် လစ်လပ် မဲဆန္ဒနယ် နေရာတွေနဲ့ ကျင်းပမယ့် ရက်စွဲ အတိအကျကိုတော့ ထုတ်ဖော် ကြေညာရဦးမှာ ဖြစ်ပါတယ်။