လူကုန်ကူးမှု ပပျောက်ရေး ထိုင်းမြန်မာ ပူးပေါင်း ဆောင်ရွက်

Image caption မြန်မာတွေ လူကုန်ကူးခံရမှု ပပျောက်အောင် ထိုင်း မြန်မာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေး

မြန်မာနိုင်ငံသား လူကုန်ကူး ခံရမှုတွေ လျော့နည်း လာနေရာကနေ လုံးဝ ပပျောက် သွားရေးအတွက် ထိုင်းတနိုင်ငံလုံးမှာ တရားမဝင် အလုပ်သမားတွေ အသုံးမပြုအောင် ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ မေလ ၆ ရက်နဲ့ ၇ ရက် နှစ်ရက်ကြာ ဆွေးနွေးပွဲ မှာ ထိုင်းမြန်မာ နှစ်နိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့တွေ ဆွေးနွေး ညှိနှိုင်း ခဲ့ကြပါတယ်။

ထိုင်းနိုင်ငံမှာ လူကုန်ကူး ခံနေရသူ အများစုဟာ တရားမဝင် အလုပ်သမားတွေ ဖြစ်နေတာ တွေ့ရတာကြောင့် တရားမဝင် အလုပ်သမားတွေ လုပ်ငန်းခွင်တွေကနေ ပပျောက် သွားအောင် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်နဲ့ မြန်မာနိုင်ငံ မြ၀တီခရိုင် လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့တွေ ဆောင်ရွက်တော့မှာပါ။

လူကုန်ကူး ခံရတဲ့ သူတွေကို လုပ်ထုံးလုပ်နည်းနဲ့ အညီ လူကုန်ကူး ဂေဟာတွေမှာ စောင့်ရှောက်ပြီး တဲ့နောက် သူတို့ရဲ့ဘ၀တွေကို အမြန်ဆုံး ပြန်စနိုင်ဖို့ အတွက် မြန်မာ အာဏာပိုင်တွေ ဆီ အမြန်ဆုံး ပြန်လွှဲပြောင်း ပေးအပ်ဖို့နဲ့ အရေးယူ ဆောင်ရွက်မှု အပိုင်းမှာ ရွှေ့ပြောင်း အလုပ်သမားတွေကို တရားမဝင် အလုပ်ခန့် ထားတဲ့ အလုပ်ရှင်နဲ့ ပွဲစားတွေကို အရေးယူပေးဖို့ ကိစ္စ စတာတွေကို အဲဒီ အစည်းအဝေးမှာ ညှိနှိုင်း ဆုံးဖြတ်ခဲ့တယ်လို့ မြန်မာနိုင်ငံ မြဝတီခရိုင် လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့ ခေါင်းဆောင် ဒုတိယ ဗိုလ်မှူးကြီး ဦးအောင်မြင့်က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်း အလုပ်သမားတွေ လူကုန်ကူး ခံနေရတာတွေ ပပျောက်သွားအောင်နဲ့ အလုပ်သမား အခွင့်အရေး အပြည့်အဝ ရအောင် ဆိုပြီး မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံတွေနဲ့ ထိုင်းနိုင်ငံတို့ MoU တွေ လက်မှတ်ထိုး ခဲ့ကြပါတယ်။

ဒါပေမဲ့လည်း မြန်မာ အလုပ်သမားတွေ ထိုင်းနိုင်ငံထဲကို နည်းမျိုးစုံနဲ့ ခိုးဝင်မှု ရှိနေသေးလို့ ထိုင်းအာဏာပိုင်တွေက မကြာခဏ ဖမ်းဆီး ရမိနေတာကို တွေ့ရပါတယ်။

လက်တွေ့မှာ ငွေအများကြီး အကုန်အကျခံပြီး ယာယီ နိုင်ငံကူးလက်မှတ်နဲ့ အလုပ်လုပ်ခွင့် လက်မှတ်တွေ လုပ်ပေမဲ့ အခွင့်အရေးတွေ မရလို့ ခိုးဝင်မှုတွေ ဖြစ်နေတာလို့ အလုပ်သမားတွေက ပြောပါတယ်။

ဒါကြောင့်လည်း နှစ်နိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့တွေအနေနဲ့ အချိန် အတော်ယူပြီး ဆောင်ရွက်ရအုံးမယ်လို့ အလုပ်သမားအရေး ဆောင်ရွက်တဲ့ အဖွဲ့တွေက ပြောပါတယ်။