ချင်း သန်းခေါင်စာရင်း ကောက်ခံမှု မှားယွင်း

ဓာတ်ပုံ မူပိုင် c
Image caption ချင်းလူမျိုး ဘယ်လောက် ရှိတယ် ဆိုတဲ့ စာရင်း ကို မထုတ်ပြန်ဖို့ CNACC က ဆို

တနိုင်ငံလုံး အတိုင်း အတာနဲ့ သန်းခေါင်စာရင်း ကောက်ရာမှာ စာရင်းကောက် ဝန်ထမ်းတွေဟာ ချင်းလူမျိုး တွေရဲ့ လူမျိုး နဲ့ ကိုးကွယ်တဲ့ ဘာသာ စာရင်း အချက် အလက်တွေ ကို မှန်မှန် ကန်ကန် ကောက်ယူ ခဲ့ခြင်း မရှိဘူးလို့ ချင်း သန်းခေါင် စာရင်း အထောက် အကူပြု ကော်မတီ (CNACC) က ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။

ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ် တွေမှာ ချင်း လူမျိုးတွေကို သန်းခေါင် စာရင်း ကောက်ခံ ခဲ့တဲ့ အချက် အလက်တွေဟာ မှန်ကန်မှု မရှိတဲ့ အတွက် အစိုးရ အနေနဲ့ သန်းခေါင် စာရင်းက ရလာတဲ့ အချက် အလက် တွေကို တရားဝင် ထုတ်ပြန်တဲ့ အခါမှာ ချင်းလူမျိုး ဘယ်လောက် ရှိတယ် ဆိုတဲ့ စာရင်းကို မထုတ်ပြန်ဖို့ CNACC) အဖွဲ့၀င် ချင်း အမျိုးသား ဒီမိုကရက်တစ် ပါတီ အတွင်းရေးမှူး ဆလိုင်းဇျဲအိုဘိခ်ထောင်းက အခုလို ပြောပါတယ်။

ဒါ့အပြင် ကချင် လွတ်မြောက်ရေး အဖွဲ့ ကေအိုင်အို ကလည်း အစိုးရရဲ့ သန်းခေါင် စာရင်း ကောက်တာနဲ့ ပတ်သက်ပြီး ယုံကြည်မှု မရှိဘူးလို့ ပြောကြား ပါတယ်။

ကချင် ပြည်နယ်က ရွာ တချို့မှာ သန်းခေါင် စာရင်း ကောက်ဖို့ ကျန်နေ သေးတာဟာ အစိုးရရဲ့ သန်းခေါင် စာရင်း အပေါ် အယုံ အကြည် မရှိတာ နဲ့ ဒီက ရလာ တဲ့ အချက် တွေကို နိုင်ငံရေး အရ ပြန်လည် သုံးမှာကို စိုးရိမ်တယ်လို့ ကချင် လွတ်မြောက်ရေး အဖွဲ့ ကေအိုင်အို ဘက်က လည်း ပြောပါတယ်။

လူ၀င်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးမြင့်ကြိုင် ကတော့ သန်းခေါင် စာရင်းကို တိုင်းရင်းသား ခေါင်းဆောင် တွေနဲ့ ဆွေးနွေး ထားတဲ့ အချက်တွေကို မူတည် ကောက်ခံတာ ဖြစ်ပြီး ရလာတဲ့ အချက် အလက်တွေ ကိုလည်း လွှတ်တော်မှာ ဆွေးနွေးဖို့ ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိ ကချင်ပြည်နယ် နဲ့ ရခိုင် ပြည်နယ် ဒေသ တချို့မှာ သန်းခေါင်စာရင်း မကောက်ယူ နိုင်သေးတဲ့ နေရာ တွေကို ဒီလကုန် အထိပဲ စောင့်ဆိုင်း ကောက်ယူ မှာ ဖြစ်ပေမယ့် ကောက်ယူ ပြီးတဲ့ ဒေသတွေ မှာတော့ ချင်း လူမျိုးတွေက စပြီး သန်းခေါင် စာရင်း အချက် အလက်တွေမှာ လူမျိုး ဦးရေ စာရင်း မဖော်ပြဖို့ အစိုးရကို တောင်းဆို နေကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ