အာဆီယံ လူထုဖိုရမ် အစီအစဉ် အပြောင်းအလဲ

  • 10 မေ 2014
asean ဓာတ်ပုံ မူပိုင် AFP
Image caption မြန်မာမှာ ပထမဆုံး ကျင်းပတဲ့ ASEAN Summit

အာဆီယံ လူထုဖိုရမ် ကိုယ်စားပြု ကိုယ်စားလှယ် အဖွဲ့နဲ့ အာဆီယံ ခေါင်းဆောင် တွေဟာ ဒီကနေ့ နေပြည်တော်မှာ မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးဖို့ စီစဉ် ထားပေမယ့် အဲဒိ အစီအစဉ် ပျက်သွား ပါတယ်။

အာဆီယံ နိုင်ငံ တချို့က ရွေးတဲ့ ကိုယ်စားလှယ် တွေကို အာဆီယံ ပြည်သူများ ဖိုရမ် ၂ဝ၁၄ ဘက်က လက်မခံနိုင်လို့ တွေ့ဆုံပွဲ မကျင်းပ နိုင်ဘူး လို့ မြန်မာ နိုင်ငံခြားရေး ဌာန က ထုတ်တဲ့ ကြေညာချက် မှာ ဖော်ပြပါတယ်။

မြန်မာက အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူစဉ် ကာလ မှာ အာဆီယံ လုပ်ထုံးလုပ်နည်း အတိုင်း စီစဉ် ဆောင်ရွက်နေတာ ဖြစ်ပြီး အာဆီယံ လူထုဖိုရမ်က တဘက်သတ် ဆုံးဖြတ် ခဲ့လို့ ခုလို ဖြစ်ရတာ လို့လဲ ကြေညာချက် မှာ ပါပါတယ်။

အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံမှု ဖြစ်ဖို့၊ ပြည်သူတွေရဲ့ အသံအမှန်ကို တင်ပြနိုင်ဖို့၊ ကိုယ်ပိုင် ရွေးချယ်နိုင်ခွင့် ရှိဖို့ စတဲ့ အာဆီယံလူထု ဖိုရမ်ရဲ့ အခြေခံမူ တွေကို နိုင်ငံခြားရေး ဌာနကို အစော ကတည်းက တင်ပြထား သလို ဒီမူတွေကိုလဲ အစိုးရက သဘောတူခဲ့ တယ်လို့ အာဆီယံ လူထု ဖိုရမ် ၂၀၁၄ က တာဝန်ရှိသူ ကိုအောင်မျိုးမင်းက ပြောပါတယ်။

အာဆီယံ လူထု ဖိုရမ်မှာ ယခင်က ပါဝင်ခဲ့ပြီး ဧပြီလ ကမှ နုတ်ထွက် ထားတဲ့ ကိုကျော်လင်းဦး ကတော့ ဒီကိစ္စမျိုးတွေ အယင်က ဖြစ်ခဲ့ဖူး ကြောင်းနဲ့ ညှိနှိုင်း ဖြေရှင်းရင် ရနိုင်ကြောင်း ပြောပါတယ်။

နိုင်ငံခြားရေး ဌာနက ညှိနှိုင်းတဲ့ အတိုင်း မလိုက်လျော ခဲ့တဲ့အတွက် အစိုးရ ခေါင်းဆောင် တွေကို တိုက်ရိုက် စကားပြောခွင့် ဆုံးရှုံးရတာကို စိတ်ပျက် ရကြောင်း ပြောပါတယ်။ အာဆီယံ လူထု ဖိုရမ်က ရွေးချယ် လိုက်တဲ့ ကိုယ်စားလှယ် တွေကို အစိုးရက လူစားထိုး တာကို ဖိုရမ်က ကန့်ကွက် သပိတ်မှောက် ပေမယ့် နိုင်ငံ တခုချင်း တသီးပုဂ္ဂလ အနေနဲ့တော့ တွေ့ကြမှာပါ။

မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် ကရင်ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်က ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ မေရှီးရှိုးကို ရွေးချယ် ထားပါတယ်။

လူ့အခွင့်အရေးကိစ္စတွေ၊ အသွင်ကူးပြောင်းရေးမှာ နှောင့်နှေးနေတဲ့ ကိစ္စတွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေးမှာ အခုချိန်ထိ ကြန့်ကြာနေမယ့် ကိစ္စတွေကို တင်ပြဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ