မြန်မာမှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီးညီလာခံ

  • 10 မေ 2014
asean_ ဓာတ်ပုံ မူပိုင် AFP
Image caption အာဆီယံ အဖွဲ့ အမှတ်တံဆိပ်

မြန်မာနိုင်ငံ အာဆီယံ ဥက္ကဌ အဖြစ် တာဝန်ယူတဲ့ ကာလမှာ၊ ပထမဆုံး အကြိမ် ကျင်းပမယ့် အာဆီယံ ထိပ်သီး ညီလာခံ ဖွင့်ပွဲ မတိုင်ခင်၊ ဝန်ကြီးများ အဆင့် အစည်းအဝေး တွေကို၊ နေပြည်တော် မှာ ဒီကနေ့ မေလ ၁၀ ရက်နေ့ မှာ စတင် ကျင်းပမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အတွက်တော့၊ အာဆီယံ အဖွဲ့ဝင် သက်တမ်း ၁၇ နှစ်တာ ကာလမှာ၊ ထိပ်သီး ညီလာခံကို အိမ်ရှင် အဖြစ်၊ ပထမဆုံးလက်ခံ ကျင်းပပေးရမှာ ဖြစ်ပါတယ်။

နေပြည်တော်ရဲ့ ဥတ္တရသီရိ မြို့နယ်မှာ ဆောက်လုပ်ထားတဲ့၊ မြန်မာ ကွန်ဗင်းရှင်း စင်တာ အမှတ် ၁ မှာ၊ ထိပ်သီး ညီလာခံ အတွင်း၊ အစည်းအဝေး တွေ ကျင်းပသွား ဖို့ ရှိပါတယ်။

အဲဒီ့ခန်းမ ကို သွားရောက်ဖို့ရာ၊ ဂိတ်တွေတိုင်း မှာ၊ ကြိုတင် စာရင်းသွင်း မှတ်ပုံတင်ပြီး ရယူထားရတဲ့ ကဒ်ပြားတွေ ကို တာဝန်ကျသူတွေ က စစ်ဆေး ကြည့်ရှု့နေကြ ပြီး၊ လုံခြုံရေး တင်းကြပ် ထားတယ် လို့ နေပြည်တော် မှာ ရောက်ရှိနေတဲ့ ဘီဘီစီ သတင်းထောက် က ဆိုပါတယ်။

သတင်း လာရောက်ယူတဲ့ မီဒီယာသမား ၄၀၀ ကျော် ရှိပြီး၊ နိုင်ငံတကာ သတင်းဌာနပေါင်း ၇၀ ကျော်က၊ သတင်းသမားတွေ စုဝေး ရောက်ရှိ နေပါတယ်။ အခု ရက်ပိုင်းမှာ ပဲ၊ တောင် တရုတ်ပင်လယ် အတွင်း၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံတချို့ နဲ့ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ အကြား၊ တင်းမာမှု တွေ ပေါ်ပေါက်ခဲ့တဲ့ အတွက်၊ ဒီ အရေးနဲ့ ပတ်သက်ပြီး၊ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ထည့်သွင်း ဆွေးနွေး ကြလိမ့်မယ်လို့ မျှော်လင့် ရပါတယ်။

ညီလာခံအတွင်း အစည်းအဝေး အများစုမှာ တော့၊ ၂၀၁၅ မှာ အကောင်အထည် ဖေါ်မယ့်၊ အာဆီယံ စီးပွားရေး အသိုင်းအဝိုင်း ကိစ္စကို ဦးတည် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အာဆီယံလူငယ် ဖိုရမ်က ကိုယ်စားလှယ်တွေလည်း ထိပ်သီး အစည်းအဝေး ကို တက်ရောက်လာကြမယ့် ၁၀နိုင်ငံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံကြမယ်လို့ တွေ့ဆုံရေး ကို ညှိနှိုင်း ပေးနေ တဲ့ ကိုသက်ဆွေဝင်း က ပြောပါတယ်။

တနင်္ဂနွေနေ့ နေ့လည်ပိုင်းမှာ နာရီဝက် ကြာ တွေ့ဆုံခွင့် ရပေမယ့်၊ အာဆီယံလူငယ် ဖိုရမ်က တချို့ ကိုယ်စားလှယ် တွေ နေရာမှာ၊ အစိုးရပိုင်းတွေနဲ့ နီးစပ်တဲ့ သူတွေကို အစားထိုး ခံရတာမျိုး ရှိတယ် လို့ ကိုသက်ဆွေဝင်း က ဆိုပါတယ်။

မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် ရဲ့ သတင်းစာ ရှင်းလင်းပွဲ လည်း ဒီကနေ့ ၁၀ ရက်နေ့ နေ့လည်မှာ ပြုလုပ်ဖို့ ရှိပြီး၊ ဒေသတွင်း ပြဿနာတွေ ကို၊ မြန်မာနိုင်ငံက အာဆီယံ ဥက္ကဌ အနေနဲ့၊ ဦးဆောင် ဖြေရှင်းနိုင် မှု ရှိမရှိ ကို ဒီ သတင်းစာ ရှင်းလင်းပွဲကနေ အကဲခတ်နိုင်မယ် ဆိုပြီး သုံးသပ် နေမှုတွေ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ