ဆူဒန် အပစ်ရပ် ရေးသဘောတူချက် အသက်ဝင်ပြီ

  • 11 မေ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption သန်းချီတဲ့ ဒုက္ခသည်တွေ အကူညီ လိုနေ

တောင်ဆူဒန်မှာ ဒုက္ခသည် ၁ သန်းခွဲ လောက်ထွက်ပြေး ခဲ့ရတဲ့ ငါးလကြာ ပဋိပက္ခကို အဆုံးသတ် စေဖို့ ရည်ရွယ်ပြီး သမ္မတ Salva Kiir နဲ့ သူပုန် ခေါင်းဆောင် Reik Machar တို့ကြား အပစ်ရပ် သဘော တူညီချက် စတင် အကျိုး သက်ရောက် နေပြီ မို့ နိုင်ငံ အနာဂတ် အတွက် နောက်လာမယ့် ရက်အနည်းငယ် ဟာ အတော် အရေးကြီး လိမ့်မယ်လို့ အီသီယိုး ပီးယား မြို့တော် အဒစ်စ် အဘာဘာမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် Emmanuek Igunza က ပြောပါတယ်။

အပစ်ရပ် သဘော တူညီချက်ကြောင့် တကယ် တမ်း ဒီခေါင်းဆောင်တွေ အနေနဲ့ မြေပြင်မှာ ရှိနေတဲ့ သူတို့ လူတွေကို ဘယ်လောက် ထိန်းနိုင်မလဲ ဆိုတာကို လည်းမြင်လာ ရတော့ မှာပါ။

စောင့်ကြည့် လေ့လာ သူတွေ ကတော့ နှစ်ဖက်လုံးမှာ သူတို့ လူတွေကို သူတို့ မထိန်းနိုင်တဲ့ ပြဿနာ ရှိတယ်လို့ ဆိုကြ ပါတယ်။

အပစ်ရပ် လက်မှတ် ထိုးခဲ့ပေမယ့် နှစ်ဖက်ကြားမှာ သံသယတွေ ကြီးနေဆဲဘဲ ဆိုတာကို သူတို့ရဲ့ ပြောစကား တွေကို ကြည့်ရင် သိနိုင်တယ်လို့ လည်း ဘီဘီစီ သတင်းထောက် က သုံးသပ် ပါတယ်။

တကယ်တော့ ဒီအပစ်ရပ် သဘောတူညီ ချက်ဟာ ဒုတိယ အကြိမ် လုပ်ကြ တာပါ။

ဇန်နဝါရီ လတုန်းက လုပ်ခဲ့တဲ့ ပထမ အကြိမ် အပစ်ရပ်ရေး သဘောတူညီချက် ကတော့ ရက်ပိုင်း အတွင်းမှာဘဲ ပျက်ပြား သွားခဲ့ ပါတယ်။

ပဋိပက္ခကို အစပျိုးခဲ့တဲ့ သူပုန် ခေါင်းဆောင် Reik Machar ဒုတိယ သမ္မတ အဖြစ်တာဝန်ယူ စဉ်မှာ အာဏာသိမ်းဖို့ ကြိုးပမ်း ခဲ့တယ် ဆိုတဲ့ ကိစ္စမှာ လည်း အခုထိ တဖက်ကို တမျိုး ပြောနေ ကြတုန်းပါ။

ဒီအခြေအနေ မှာ ရွေးကောက်ပွဲ သစ် မတိုင်ခင် ကြားဖြတ် အစိုးရ တရပ် ဖွဲ့ဖို့ ဆွေးနွေး ကြမယ် ဆိုပေမယ့် ထူးခြား လာဖို့တော့ သိပ်မမျှော်လင့် နိုင်ပါဘူး။

နိုင်ငံတကာ အနေနဲ့ ကတော့ သူတို့ နှစ်ဦးရဲ့ ကြားက ပြဿနာထက် ဒုက္ခသည် တွေကို ကူညီ ကယ်ဆယ်ရေးနဲ့ စစ်အတွင်း အသတ်ခံ ရသူတွေ အတွက် တရားဥပဒေ အရ ဆောင်ရွက် ပေးနိုင်ရေး တို့ကို ပိုအာရုံ စိုက်နေ ကြပါတယ်။

ဒီတော့ တောင်ဆူဒန် နိုင်ငံမှာ ကြားဖြတ် အစိုးရ ဖွဲ့စည်း နိုင်ရေး ဟာ ကြီးမားတဲ့ စိန်ခေါ်မှု အဖြစ် ဆက်ရှိနေလိမ့်ဦးမယ်လို့ ဘီဘီစီ သတင်းထောက် Emmanuek Igunz က သုံးသပ် ပါတယ်။