လူ့အခွင့်အရေး ကိုယ်စားလှယ်သစ် ခန့်အပ်

  • 10 မေ 2014
_burma ဓာတ်ပုံ မူပိုင် BBC World Service
Image caption ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်ဟောင်း မစ္စတာ ကင်တားနား

မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ ရဲ့ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် အသစ် အဖြစ်၊ တောင်ကိုရီးယား နိုင်ငံက ကလေး စိတ်ပညာရှင် အမျိုးသမီး ဒေါက်တာ Yanghee Lee ကို ခန့်အပ် လိုက်ပါတယ်။

ဒီနေရာအတွက် တစ်ပေးခံနေရ တဲ့ Jared Genser၊ Guy Horton တို့လို ထင်ရှား တဲ့ ရှေ့နေတွေ သံတမန်တွေ အကြားက မှ၊ ကုလသမဂ္ဂ ရဲ့ ကလေး အခွင့်အရေး ကော်မတီ မှာ ဥက္ကဌ အဖြစ် တာဝန် ထမ်းရွက်ခဲ့ တဲ့ ဒေါက်တာ Yanghee Lee ကို ရွေးချယ်လိုက် တာ ဖြစ်ပါတယ်။

ပရော်ဖက်ဆာ ဒေါက်တာ Yanghee Lee ဟာ အတွေ့အကြုံ ရင့်ကျက် တဲ့ ကုလသမဂ္ဂ သံတမန် တစ်ဦး ဖြစ်တယ် ဆိုပြီး၊ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ ရဲ့ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် အဖြစ် ပြီးခဲ့တဲ့ ၆ နှစ် အတွင်း တာဝန် ထမ်းရွက်ခဲ့ တဲ့ မစ္စတာ ကင်တင်းနား က ဘီဘီစီ ကို ပြောပါတယ်။

ပြုပြင် ပြောင်းလဲမှု တွေ လုပ်ဆောင်နေ တဲ့ မြန်မာနိုင်ငံ မှာ၊ လူ့အခွင့်အရေး ဆိုင်ရာ စိန်ခေါ်နေမှု တွေ ရှိနေဆဲ ဖြစ်တယ် ဆိုတဲ့ အချက်ကို၊ နောက် ခန့်အပ်လိုက်တဲ့ သူကို ပြောချင်ပါတယ် လို့ မစ္စတာ ကင်တင်းနား က၊ ကချင်ပြည်နယ် စစ်ပွဲများနဲ့၊ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ အရေးတွေ ကို ထောက်ပြပြီး ပြောဆို ခဲ့ပါတယ်။

အခြေခံ လူ့အခွင့်အရေးတွေ ကို လေးစား လိုက်နာမှသာ ပြုပြင် ပြောင်းလဲရေး လုပ်ငန်း တွေ ထိရောက် အောင်မြင်မယ့် အကြောင်း မစ္စတာ ကင်တင်းနား က ထပ်လောင်း အကြံပြု ခဲ့ပါတယ်။

သူ့နေရာ ကို ဆက်ခံသူ အပေါ်၊ မြန်မာနိုင်ငံ အစိုးရ နဲ့ ထိတွေ့ ဆက်ဆံမှု တည်ဆောက်သွား ဖို့ လိုအပ်ကြောင်း အကြံ ပြုချင်ပါတယ် လို့လည်း မစ္စတာ ကင်တင်းနား က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ