ဖွဲ့စည်းပုံရေး စစ်တပ် ပါဖို့ ဒေါ်စုပြော

Image caption ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် မြို့ကြီး အတော်များများမှာ ဆန္ဒထုတ်ဖော်ခဲ့ကြ

မအူပင် မြို့မှာ ကျင်းပတဲ့ NLD ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လူထု ဟောပြောပွဲ မှာ ဒေါ်အောင်ဆန်း စုကြည် က အခြေခံ ဥပဒေ ပြင်ဆင်ရေးမှာ စစ်တပ် အနေနဲ့ လူထုနဲ့ အတူ ပူးပေါင်း သင့်တယ် လို့ ပြောကြား လိုက်ပါတယ်။

အဖွဲ့အစည်း တခုခုကို လုပ်ပိုင်ခွင့် ပိုပေးထား တဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို မပြင်လိုတဲ့သူ တွေရဲ့ နောက်မှာ ဘယ်လို အဖွဲ့အစည်း တွေ ရှိနေသလဲ ဆိုတာကို လူထု အနေနဲ့ လေ့လာ ကြဖို့ ကိုလည်း ဒေါ်အောင်ဆန်း စုကြည် က တိုက်တွန်း သွားပါတယ်။

ပြီးခဲ့တဲ့ ၆၆ နှစ်မြောက် လွတ်လပ်ရေး နေ့ မိန့်ခွန်း ထဲမှာ လည်း ဒေါ်အောင်ဆန်း စုကြည်က ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဟာ တတိုင်းပြည်လုံးနဲ့ ဆိုင်တဲ့ ကိစ္စဖြစ် လို့ တပ်မတော် လည်း ပါဝင်ဖို့ တိုက်တွန်း ပြောခဲ့ ဖူးပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ရေးနဲ့ ပတ်သက်တဲ့ ဒီကနေ့ လူထု ဟောပြောပွဲ ကို တနာရီ ကြာလောက် ကျင်းပခဲ့ပြီး လူနှစ်သောင်း ကျော် တက်ရောက် ခဲ့ပါတယ်။

ဟောပြောပွဲနဲ့ အတူ လူထု သဘောထား ကောက်ယူမှု အဖြစ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ရေး ထောက်ခံတဲ့ လက်မှတ်တွေကို NLD ပါတီဝင်တွေ လိုက်လံ စုဆောင်း ခဲ့ပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် NLD အနေနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း နဲ့ ပူးပေါင်း လုပ်ဆောင် နေပြီး ဒီလ အတွင်း မှာလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ရေး နယ်လှည့် ဟောပြောပွဲ တွေ ကို ရန်ကုန်နဲ့ မန္တလေးမြို့ တွေ မှာ ထပ်မံ ပြုလုပ်ဖို့ ရှိနေပါတယ်။