ဧရာဝတီ ဖွံ့ဖြိုးရေးစီမံကိန်းနဲ့ ကမ္ဘာ့ဘဏ်

myitsone_irrawaddy ဓာတ်ပုံ မူပိုင် bbc
Image caption ဧရာဝတီမြစ်ဆုံ စီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်ယွင်းမှုတွေ ရှိနေ

ဧရာဝတီမြစ်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း ၁၀၀ ချေးငွေ ထုတ်ချေးပေးဖို့အတွက် အစိုးရ က ညှိနှိုင်းဆောင်ရွက်နေပါတယ်။

အစိုးရ ကဖွဲ့စည်းပေးထားတဲ့ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မီတီ က အဖွဲ့ဝင်လည်းဖြစ် အဲဒီကော်မီတီ ကို ကူညီဖို့ ဖွဲ့ထားတဲ့ ကျွမ်းကျင်ပညာရှင်များအဖွဲ့ က အတွင်းရေးမှူးလည်း ဖြစ်တဲ့ ဒေါက်တာ ဒေါ်ခင်နီနီသိန်း က စီမံကိန်း ကိုပြင်ဆင်နေပြီး နှစ်ကုန်ပိုင်း ဒီဇင်ဘာလ လောက်မှာ ကမ္ဘာ့ဘဏ် က အဲဒီ ဧရာဝတီမြစ်ဝှမ်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အတွက် ချေးငွေချပေးနိုင်တယ် လို့ ခန့်မှန်းပြောပါတယ်။

စီမံကိန်း ပထမပိုင်းမှာ လုပ်ငန်း ၃ ခု အဓိကထားလုပ်ဆောင်သွားမယ်လို့ သူ ကဆိုပြီး အဲဒါတွေ ကတော့ ဧရာဝတီရေ အရင်းအမြစ်ထိန်းသိမ်းရေး အသုံးချရေးအတွက် ဌာနပေါင်းစုံ ကညှိနှိုင်း ပူးပေါင်းဆောင်ရွက်ဖို့၊ မိုးလေဝသနဲ့ဇလဗေဒ လုပ်ငန်းတွေ ကို မြှင့်တင်ဖို့ နဲ့ ဧရာဝတီမြစ်ကြောင်း ကိုအချို့နေရာတွေ မှာ မြစ်ကြောင်းချဲ့ဖို့ စတာတွေပါဝင်ပါတယ်။

ရေရှည်အနေနဲ့လည်း ဧရာဝတီကို သန့်စင်ပြီး မြစ်အမြဲရှင်သန် စေကာ အကောင်းဆုံး အသုံးချ သွားဖို့ရည်ရွယ်ထားတယ် လို့ ဒေါ်ခင်နီနီသိန်း က ပြောပါတယ်။

ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်း ကို ပြည်သူလူထု က ကန့်ကွက်အပြီး အစိုးရ က ရပ်ဆိုင်းထားပါတယ်။

အဲဒီရေကာတာ စီမံကိန်း ပြန်စတင်လာဦးမလား ဆိုတဲ့အမေးကို တော့ ဒေါ်ခင်နီနီသိန်းက ပြန်စလာဖို့ ပြောလာရင်လည်း လူထုရဲ့ ဆန္ဒမပါပဲ အဲဒီလို စီမံကိန်း တွေ ကို မလုပ်သင့်ကြောင်း ဘီဘီစီ ကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ