အစိုးရနဲ့ ကေအိုင်အို ခေါင်းဆောင်တွေ မြစ်ကြီးနား ရောက်ပြီ

  • 12 မေ 2014
KIO and Government meeting in October 2013 ဓာတ်ပုံ မူပိုင် MPC
Image caption ပြီးခဲ့တဲ့နှစ် အောက်တိုဘာ လက အစိုးရနဲ့ ကေအိုင်အို မြစ်ကြီးနားမှာ ဆွေးနွေးခဲ့

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း ကော်မီတီနဲ့ ကေအိုင်အို ကချင် လွတ်လပ်ရေး အဖွဲ့တို့ မေလ ၁၃ ရက်နေ့မှာ ဆွေးနွေးကြဖို့ နှစ်ဘက် ကိုယ်စားလှယ်တွေ မြစ်ကြီးနားမြို့မှာ ရောက်နေကြ ပါတယ်။

အခုတစ်ကြိမ် ဆွေးနွေးကြရာမှာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့က ဆွေးနွေးခဲ့မှု နောက်ပိုင်း တိုးတက် ဖြစ်ပေါ်မှုတွေနဲ့ အဲဒီအချိန်က သဘောတူညီခဲ့တဲ့ ကိစ္စတွေ အကောင်အထည်ဖော်ရေးကို ဆက်လက် ဆွေးနွေးကြမှာ ဖြစ်တယ်လို့ အစိုးရ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဖြစ်သူ MPC မြန်မာ ငြိမ်းချမ်းရေး စင်တာက ဦးလှမောင်ရွှေက ပြောပါတယ်။

ဆွေးနွေးမှုတွေ နောက်ပိုင်း အစိုးရ တပ်တွေနဲ့ ကေအိုင်အေကြား တိုက်ပွဲတွေ ပြန်ဖြစ် နေတာတွေ ပြေလည်ရေး ကိစ္စကိုလည်း ထည့်သွင်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အပစ်ရပ်ရေးနဲ့ ပတ်သက်ပြီး နှစ်ဘက် ချဉ်းကပ်ပုံနဲ့ ယုံကြည်ချက်တွေ တူချင်မှ တူမှာ ဖြစ်ပေမဲ့ အခုလို ဆွေးနွေးမှုတွေ ရှိလာတာကိုက ငြိမ်းချမ်းရေးကို ဦးတည်တဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ဖြစ်လာမယ်လို့ မျှော်လင့်ကြောင်း ဦးလှမောင်ရွှေက ပြောပါတယ်။

အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း ကော်မီတီနဲ့ အရင်က ဆွေးနွေးခဲ့ကြတဲ့ KNU ကရင် အမျိုးသား အစည်း အရုံး၊ KNPP နဲ့ CNF အဖွဲ့အပါအဝင် အဖွဲ့ အတော် များများနဲ့ ပစ်ခတ်မှုတွေ လုံးဝ မရှိတော့တဲ့ အခြေ အနေမျိုး ရောက်အောင် ဆွေးနွေး နိုင်ခဲ့တဲ့ အတွက် ကေအိုင်အေနဲ့ အပစ်ရပ်ရေးမှာလည်း အခုလို ဆွေးနွေးမှုတွေက တဆင့် လုပ်ဆောင် နိုင်လိမ့်မယ်လို့ သူက ပြောပါတယ်။

ဆွေးနွေးပွဲကို ဦးဆွမ်လွတ်ဂမ် ဦးဆောင်ပြီး ဗိုလ်ချုပ်ဂွမ်မော် နဲ့ ကေအိုင်အို ကိုယ်စားလှယ် ၇ ယောက် တက်ရောက်မှာ ဖြစ်ပါတယ်။

အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဖက် မှာတော့ သမ္မတရုံးဝန်ကြီးဦးအောင်မင်း ခေါင်းဆောင်ပြီး၊ ပြည်ထောင်စု ဝန်ကြီးတွေဖြစ်ကြတဲ့ ဦးခင်ရီ၊ ဦးအုန်းမြင့်နဲ့ ဦးခင်မောင်စိုးတို့ အပြင် လွှတ်တော်အမတ် ဦးသိန်းဇော်လည်း တက်ရောက်ဖို့ရှိပါတယ်။

မြစ်ကြီးနားကို ရောက်လာတဲ့ နေ့မှာပဲ နေတဲ့ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက နိုင်ငံရေးပါတီတွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ ဒေသခံတွေနဲ့ ရပ်မိရပ်ဖ တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ