သိမ်းဆည်းခံ ပြင်ဦးလွင်က ယာမြေတွေ ပြန်စိစစ်မယ်

Image caption မြို့နယ် အာဏာပိုင်တွေက ဆက်လက် စိစစ် ပေးပါ့ မယ်လို့ ကတိပေး

စစ်တပ် အဆက်ဆက်က သိမ်းထားတဲ့ ပြင်ဦးလွင် မြို့နယ် ထဲက ယာမြေတွေ ပြန်ရဖို့ မူလ ပိုင်ရှင် တောင်ယာ သမားတွေက အတင်း ဝင်ရောက် ထွန်ယက် ခဲ့ကြလို့ စိုက်ပျိုးခွင့် ရကြ သလို အာဏာပိုင်တွေ ဘက်ကလည်း ပြန်လည် စိစစ် ပေးပါ့မယ် ဆိုပြီး အကြောင်း ပြန်ကြား ခဲ့ပါတယ်။

မန္တလေးတိုင်း ပုသိမ်ကြီး မြို့နယ်နဲ့ ပြင်ဦးလွင် မြို့နယ် အစပ်မှာ ရှိတဲ့ ကျောက်ချောနဲ့ ရွာသာယာ ရွာက တောင်သူတွေ ပိုင်တဲ့ မြေဧက ၄၀၀ကျော် ပြန်ရရေး တနင်္လာနေ့မှာ ထွန်တုံး တိုက်ပွဲဆိုပြီး နွားရှဉ်း ၁၀ ရှဉ်းလောက်နဲ့ မူလ ပိုင်ရှင် တောင်သူ တွေက ဝင်ပြီး ထွန်ယက် စိုက်ပျိုးကြ တာပါ။

ဒီလို တောင်သူတွေ အတင်း ဝင်ရောက် ထွန်ယက် တာကို သက်ဆိုင်ရာ မြို့နယ် အာဏာပိုင်တွေက လာရောက် ကြည့်ရှု ခဲ့ပြီး ဆက်လက် စိစစ် ပေးပါ့ မယ်လို့ ကတိ ပေးသွားတဲ့ အကြောင်း မြေပိုင်ရှင် တဦး ဖြစ်တဲ့ ဦးမောင်မောင်က ပြောပါတယ်။ ထွန်တုံး တိုက်ပွဲ ဝင်ခဲ့တဲ့ မြေတွေ ကတော့ ပြင်ဦးလွင် မန္တလေး ကားလမ်း ဘေး အုန်းချောရဲ့ အထက် နားမှာ ရှိပြီး စစ်တပ်ပိုင် ကျောက်ပြား စက်ရုံက ဧက ၁၀၀ ကျော် သိမ်းထားပြီး ကျန်တဲ့ ဧက ၃၀၀ ကျော်ကို သီးစားခနဲ့ တခြား ဒေသက လူတွေကို အငှား ချထား တယ်လို့လည်း သူက ပြောပါတယ်။

အဲဒီ သီးစားခ ချထားတယ် ဆိုတဲ့ ဧက ၃၀၀ ကျော် ကိုလည်း ငှားရမ်း ထားသူတွေ ဆက်မလုပ်ဖို့ နယ်မြေခံ အာဏာပိုင် တွေက စာထုတ် ပေးထား တယ်လို့လည်း မူလ မြေပိုင်ရှင် တွေက ပြောပါတယ်။

ဒီလို နိုင်ငံနဲ့ တဝန်းမှာ သိမ်းဆည်းခံ မြေယာတွေ ပြန်ရရေး ထွန်တုံး တိုက်ပွဲဝင်လို့ ပြန်ရတဲ့ မြေပိုင်ရှင်တွေ ရှိသလို တချို့လည်း နိုင်ငံတော် ကြည်ညို ပျက်စေမှု၊ ပိုင်နက် ကျူးလွန်မှု တွေနဲ့ တရားစွဲခံ ရတဲ့ တောင်သူ တွေလည်း ရှိနေ ပါသေးတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ