ကချင် ပဋိပက္ခ ဖြေရှင်းရေးအဖွဲ့ဖွဲ့ဖို့ သဘောတူ

  • 13 မေ 2014
KIA
Image caption ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကေအိုင်အေ အဖွဲ့ ရောက်လာ

ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းဖို့ ကေအိုင်အိုနဲ့ အစိုးရတို့ သဘောတူညီလိုက်ကြပါတယ်။

အဖွဲ့ဝင်အဖြစ် ကေအိုင်အိုဘက်က ၅ ယောက်၊ အစိုးရဘက်က ၅ ယောက် ပါဝင်မှာ ဖြစ်ပြီး နောက်တကြိမ် မေလ ၂၁ ရက်မှာ လုပ်မယ့် ဆွေးနွေးပွဲမှာ ပါဝင်မယ့်သူတွေရဲ့ အမည်စာရင်းကို အတည်ပြုမယ်လို့ ဆိုပါတယ်။

အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနဲ့ ကေအိုင်အို အဖွဲ့တို့ ဒီနေ့ မြစ်ကြီးနားမှာတွေ့ဆုံတဲ့ ဆွေးနွေးပွဲမှာ အခုလို နှစ်ဘက် သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။

ကေအိုင်အိုနဲ့ အစိုးရအဖွဲ့တို့ဟာ အရင်ကလည်း အကြိမ်ကြိမ်ဆွေးနွေးခဲ့ကြပေမဲ့ ဆွေးနွေးပြီးတဲ့အခါမှာ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားခဲ့ကြပါတယ်။

အခုလောလောဆယ်မှာကို ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲလည်း ဖြစ်ပါတယ်။

ကချင်ဘက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကျန်တိုင်းရင်းသားတွေကပါ အစိုးရအပေါ်ယုံကြည်မှု လျော့နည်းလာပြီး အပစ်ရပ်ဆွေးနွေးပွဲတွေကို ထိခိုက်မယ့် အရိပ် အယောင်တွေ ပေါ်ထွက်လာချိန်မှာ အခုဆွေးနွေးပွဲပြုလုပ်ဖို့ ကချင်ဘက်က စတင်ကမ်းလှမ်းလိုက်တာ ဖြစ်ပါတယ်။

ဒါဟာ ကချင်ဘက်ကစတင်ကမ်းလှမ်းတဲ့ ပထမဆုံး ဆွေးနွေးပွဲလည်း ဖြစ်ပါတယ်။

အစိုးရစစ်တပ်နဲ့ ကေအိုအေ ကချင်လွတ်လပ်ရေး တပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေစဉ် ကေအိုင်အေရဲ့ ဒုတိယစစ်ဉီးစီချုပ် ဗိုလ်ချုပ်ဂွမ်မော်က အမေရိကန်ပြည်ထောင်စုကို ရောက်နေပြီး အဲဒီခရီးကနေ သူအပြန်မှာ ကေအိုင်အေက ဆွေးနွေးပွဲအတွက် ကမ်းလှမ်းလိုက်တာလည်း ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲအပြီးမှာ ကေအိုင်အေနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအားလုံးကို ရပ်ဆိုင်း သွားမယ်လို့ မျှော်လင့်မထားပေမဲ့ တဖြည်းဖြည်း တိုးတက်လာမယ်လို့ မျှော်လင့် ကြောင်း ကချင်ငြိမ်းချမ်းရေးဖော်ဆောင်မှု ပီစီဂျီ အဖွဲ့ဝင် ဉီးလမိုင်ဂွန်ဂျာက ပြောပါတယ်။

မြန်မာငြိမ်းချမ်းရေး စင်တာ အဖွဲ့ဝင် ဉီးလှမောင်ရွှေကတော့ ဆွေးနွေးပွဲတွေလုပ်နေ နိုင်ရင် ငြိမ်းချမ်းရေးနဲ့ တဖြည်းဖြည်း နီးစပ်လာမယ်လို့ ဘီဘီစီကို ပြောပါတယ်။