တန်ဖိုးကြီး စစ်ရေး စီမံကိန်း သတင်းထုတ်

  • 14 မေ 2014
unity
Image caption Unity Journal သတင်းကြောင့် အဖမ်းခံရ

မြန်မာအစိုးရ က သာမန် လက်နက် စက်ရုံ ဆိုပြီး ငြင်းထားတဲ့ ပေါက်မြို့နယ်က စစ်ဘက် အဆောက်အဦ ဟာ တန်ဖိုးကြီး စစ်ရေး စီမံကိန်း ဖြစ်တယ် ဆိုပြီး ဖျက်အားပြင်း လက်နက်များ မပြန့်ပွားရေး သုတေသန CNS အဖွဲ့က ထုတ်ပြန် လိုက်ပါတယ်။

ဒီ ထုတ်ပြန်ချက် ကို ပူးတွဲ ရေးသားတဲ့ CNS အဖွဲ့ အာရှ အရှေ့ခြမ်း ရေးရာ ဌာနမှူး Dr Jeffrey Lewis က ဂြိုဟ်တု ဓာတ်ပုံ တွေကနေ တွေ့ရတဲ့ အဲဒိ အဆောက်အဦ ကြီး အပေါ် ဆန်းစစ် ထားမှုတွေကို ပြောပြ ပါတယ်။

ဒီအဆောက်အဦကြီး ရဲ့ အရွယ်အစား၊ အခင်းအကျင်း၊ တည်နေရာ၊ လုံခြုံရေးတင်းကျပ်မှု ၊ ဘားတိုက် ပုံစံ နေရာထိုင်ခင်း တွေနဲ့ အဆင့်မြင့် စစ်အရာရှိကြီး တွေ လာရောက် စစ်ဆေးတယ် ဆိုတာ ပြနေတဲ့ ရဟတ်ယာဉ် ကွင်းတွေက သာမန် လက်နက် စက်ရုံ မဟုတ်ကြောင်း ဖော်ပြနေတယ် ဆိုပြီး Dr Jeffrey Lewis က ရှင်းပြပါတယ်။

အဲဒီ့ စီမံကိန်း ရှိရာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စလို့ လက်ရှိ ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင် အထိ ထိပ်တန်း အဆင့်မြင့် စစ်ခေါင်းဆောင်တွေ လာခဲ့ကြောင်း ဒေသခံတွေရဲ့ ထွက်ဆိုချက် တွေ ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီ စက်ရုံက ဘယ်လို လက်နက် အမျိုးအစား ထုတ်လုပ်နိုင်တယ် ဆိုတဲ့ အပေါ်မှာတော့ တိတိကျကျ မပြောနိုင်ဘူးလို့ ဆိုပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံတကာ အသိုင်း အဝိုင်းကြားမှာ မိသားစုဝင် ဖြစ်ချင်ရင် ဓာတုလက်နက် ထိန်းချုပ်ရေး သဘောတူ စာချုပ်ကို တကယ် လေးစားလိုက်နာ ကြောင်း အကောင်အထည် ဖော်ရမှာ ဖြစ်ပါတယ်။

၁၉၉၃ ကတည်းက စာချုပ်မှာ လက်မှတ် ထိုးထား ခဲ့ပေမယ့် အခု အနှစ် ၂ဝ ကျော် ကြာ အထိ အကောင်အထည် မဖော်သေးပါဘူး။ နိုင်ငံတကာ အသိုင်းအဝိုင်း ကို ဒီလောက် တန်ဖိုးကြီးမားတဲ့ စစ်ဘက်ဆိုင်ရာ စက်ရုံကနေ ဘာတွေ တကယ် ထုတ်လုပ်နေတာလဲ ဆိုတာ အစစ်အဆေး ခံနိုင်ရပါမယ်။

မြောက်ကိုရီးယားနဲ့ စစ်ဘက်ဆိုင်ရာ ဆက်ဆံ နေမှုမျိုး ကို စွန့်လွှတ်ရမယ် ဆိုပြီး ပြောသွားပါတယ်။

ဒီ အဆောက်အဦကို ဓာတု လက်နက်စက်ရုံ ဆိုပြီး မြန်မာ ပြည်တွင်းက ယူနတီဂျာနယ်မှာ ဓာတ်ပုံတွေနဲ့ ဒီနှစ်စပိုင်းမှာ ဖော်ပြ ခဲ့ဖူးပြီး နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ သတင်းထောက်တွေကို အရေးယူခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ