ကရင်ပြည်နယ်မှာ ပုံစံသစ်နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်နေ

  • 14 မေ 2014
KHRG
Image caption လူ့အခွင့်အရေး ချိုးဖောက်မှု ပုံစံသစ်တွေ တွေ့ရတယ်လို့ဆို

ကရင် ပြည်နယ်မှာ ငြိမ်းချမ်းရေး လုပ်ခဲ့ပြီး နောက်ပိုင်း ပုံစံအသစ်နဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ဖြစ်ပေါ် လာသလို အရင်ပုံစံ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေလည်း ဆက်လက် ဖြစ်ပွားနေတယ်လို့ KHRG ကရင် လူ့အခွင့်အရေး အဖွဲ့က ထောက်ပြ ပြောဆိုလိုက် ပါတယ်။

ကရင်ပြည်နယ်မှာ လွန်ခဲ့တဲ့၂ နှစ်အတွင်းဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှု တွေထဲက အချက် ၄ဝဝ နီးပါးနဲ့ ပတ်သက်ပြီး KHRG က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြ ထားတာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးအပြီး ပုံစံသစ် အနေနဲ့ ဖြစ်လာတဲ့ လူ့အခွင့် အရေး ချိုးဖောက်မှု တွေက မူးယစ်ဆေးဝါး သုံးစွဲ ရောင်းချမှုကြောင့် ဒေသ အပေါ် သက်ရောက် လာတာတွေနဲ့ မြေယာ သိမ်းဆည်းမှုတွေကြောင့် သက်ရောက်မှုတွေ ဖြစ်တယ်လို့ KHRG မူဝါဒရေးရာ စီမံခန့်ခွဲရေးအရာ ရှိ ဒေါ်ခူးခူးဂျူးက ဘီဘီစီကိုပြောပါတယ်။

မူကတည်းက ရှိနေခဲ့ပြီး အခုလည်း ဆက်ဖြစ်နေတဲ့ ချိုးဖောက်မှု တွေကတော့ အဓမ္မ ဖမ်းဆီးမှု၊ ညှင်းပမ်း နှိပ်စက်မှု၊ ဥပဒေမဲ့ သတ်ဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်မှု၊ အဓမ္မ လုပ်အား ခိုင်းစေမှု အပါအဝင် ချိုးဖောက်မှု ပုံစံ အမျိုးမျိုး ဖြစ်တယ်လို့ သူက ပြောပါတယ်။

အဲဒီ ချိုးဖောက်မှု တွေကို တပ်မတော်နဲ့ နယ်ခြားစောင့်တပ် တွေက အများဆုံး ကျူးလွန်နေတာ ဖြစ်ပြီး DKBA နဲ့ KNU တို့က ကျူးလွန်တာတွေလည်း တခါတလေ တွေ့ရတယ်လို့ ဒေါ်ခူးခူးဂျူးက ပြောပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ချိုးဖောက်ခံရသူ ကာယကံရှင်တွေကိုရော တခြားလူတွေကိုပါ အသေအချာ မေးမြန်းပြီး အစီရင်ခံစာပြုစု ထားတာ ဖြစ်ကြောင်းနဲ့ ဒီလို လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ရပ်တန့် သွားအောင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေး အဖြေရှာသွားမယ်လို့ ဒေါ်ခူးခူးဂျူးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ