တအန်းကျေးရွာတွေက အိမ်တွေကို အစိုးရတပ်တွေ ဝင်ရောက်ရှာဖွေ

  • 14 မေ 2014
Image copyright T.N.L.A
Image caption တအန်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့နဲ့ အဆက်အသွယ် ရှိမရှိ ရွာသားတွေကို စစ်ဆေးမေးမြန်း

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် တွင်းက တအန်း ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အစိုးရ စစ်တပ်က တစ်အိမ်တက်ဆင်း ဝင်ရောက် ရှာဖွေ စစ်ဆေးခဲ့တဲ့ အပြင် နေအိမ်မှာရှိတဲ့ ပစ္စည်းတွေကို ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်ထဲက တအန်းကျေးရွာတွေ ဖြစ်တဲ့ ဆိုင်တောင်၊ မန်ကန် နဲ့ ဖာဒဲန် ရွာတွေကို မြန်မာ့စစ်တပ်ရဲ့ တပ်မ ၈၈ နဲ့ နမ့်ခမ်းမြို့နယ်က မြို့မ ပြည်သူ့စစ် အဖွဲ့ ပေါင်းပြီး စစ်ကြောင်း ဝင်ရောက်လာတာ ဖြစ်ပါတယ်။

ဒီလို ဝင်ရောက်လာတုန်းမှာ ရွာခံအိမ်တွေကို ဝင်ရောက်ပြီး တအန်း တပ်မတော်နဲ့ အဆက်အသွယ် ရှိလားဆိုပြီး မေးမြန်းရင်းနဲ့ ငွေကြေးတွေ သိမ်းယူတာမျိုး ဖျက်ဆီးမှုတွေ ပြုလုပ်တာမျိုး အပြင် ဖာဒဲန် ရွာမှာ အဖမ်းအဆီး ခံရသူ ရှိတယ်လို့ ဒေသခံ တစ်ဦးဖြစ်တဲ့ မအီနန်း က ဘီဘီစီကို ပြောပါတယ်။ ပြီးခဲ့တဲ့လ သင်္ကြန်ကာလ တဝိုက်တုန်းက အဲဒီဒေသမှာ အစိုးစစ်တပ်နဲ့ တအန်း တပ်တို့ အကြား တိုက်ပွဲတွေ ဖြစ်ခဲ့ကြတဲ့ အတွက် အခုလည်း တအန်းစစ်တပ် ရှိနေတုန်းပဲလို့ ယူဆပြီး ပစ်မှတ် ထားခံရတာလို့လည်း ဆိုပါတယ်။ မြန်မာ အစိုးရ စစ်တပ်နဲ့ တအန်းတပ် အကြား ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းကပဲ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်ခဲ့ပေမယ့် အစိုးရ စစ်တပ်ရဲ့ လှုပ်ရှားမှုတွေ ရှိနေတဲ့အတွက် ဒီလို တိုက်ပွဲတွေ ဆက်လက်ဖြစ်ပေါ်နေပြီး ဒေသခံတွေ အပေါ်မှာလည်း အခုလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေရတာလို့ မအီနန်း က ပြောပါတယ်။