လားရှိုးမှာ ပေါက်ကွဲမှု နှစ်ခုဖြစ်

  • 16 မေ 2014
Lashio Blast ဓာတ်ပုံ မူပိုင် Myitmakha
Image caption လားရှိုးက ပုဂ္ဂလိက ဘဏ်နှစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ခဲ့

ရှမ်းပြည်နယ် လားရှိုးမြို့က ကမ္ဘောဇဘဏ်နဲ့ စီဘီ ဘဏ်တို့ အနီးမှာ မေလ ၁၆ ရက် မနက် စောစော ၃ နာရီခွဲလောက်က စက္ကန့်ပိုင်းသာ ခြားပြီး ဗုံးပေါက်ကွဲမှု ၂ကြိမ် ဖြစ်ခဲ့ပါတယ်။

အနည်းငယ် ပျက်စီးမှု ရှိခဲ့ပေမဲ့ လူတွေ ထိခိုက်ဒဏ်ရာရတာ သေဆုံးတာ မရှိဘူးလို့ လားရှိုးမြို့မ ရဲစခန်းက တာဝန်မှူး ဒုရဲအုပ်တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

လားရှိုးမြို့ ရပ်ကွက်(၃)မှာ ရှိတဲ့ ဗိုလ်ချုပ်လမ်းနဲ့ သဇင်လမ်းထောင့်က ကမ္ဘောဇဘဏ်(၁)အဆောက် အဦရဲ့ ၀င်ပေါက်နားမှာ ပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့ပြီး ရှေ့ဆင့်နောက်ဆင့် ဆိုသလို ရပ်ကွက်(၂) အတွင်းက စံကောင်းလမ်းနဲ့ သိန္နီလမ်းထောင့်မှာ ရှိတဲ့ CB Bank အနောက်ဘက် ထရန်စဖော်မာ အောက်မှာ ဗုံးပေါက်ကွဲခဲ့ တာပါ။

ဒီပေါက်ကွဲမှုနဲ့ ပတ်သက်တဲ့ အသေးစိတ်ကို စုံစမ်း နေတယ်လို့ ရဲစခန်းက ပြောပါတယ်။

ပေါက်ကွဲတဲ့ နေရာကို ကိုယ်တိုင် သွားကြည့်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီရဲ့ အမျိုးသား လွှတ်တော်အမတ် စိုင်းစံမင်းကတော့ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ချိန်က မီးပျက်နေခဲ့ပြီး ဗုံးတွေကို ကားနဲ့ လာချထားသွားတာလို့ ပြောနေကြကြောင်း ပြောပါတယ်။

ကမ္ဘာဇဘဏ် နံဘေးမှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုက မြောင်းထဲကို ကားပေါ်ကနေ ကမန်း ကတန်း ဗုံးပစ်ချသွားခဲ့ပုံ တွေ့ရတဲ့ အတွက် ဘဏ်ကို ထိခိုက်စေချင်လို့ တိုကိခိုက်တာ မဟုတ်ဘဲ လူတွေ လန့်သွားအောင်နဲ့ ရုန်းရင်း ဆန်ခတ် ဖြစ်ရုံလောက် သာ ရည်ရွယ် လုပ်ဆောင်တဲ့ သဘော တွေ့ရတယ်လို့ လည်း သူက ပြောပါတယ်။

ဒီပေါက်ကွဲမှု ဖြစ်အပြီးမှာ အလုပ်အကိုင် အသွားအလာတွေ မပျက်ဘဲ ဘဏ်တွေလည်း ဖွင့်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လောလောဆယ် မြို့အ၀င်အထွက် ဂိတ်တွေမှာတော့ လုံခြုံရေးတွေကို တင်းတင်း ကြပ်ကြပ် စစ်ဆေး နေတယ်လို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ