အမေရိကန်က မြန်မာကို ပိတ်ဆို့မှု သက်တမ်းတိုး

  • 16 မေ 2014
U Thein Sein and President Obama Image copyright Getty
Image caption ဆက်ဆံရေးတွေ တိုးလာပေမယ့် ပြည်တွင်းရေး အတွက် စိတ်ပူစရာ ရှိနေဆဲလို့ အမေရိကန်ကဆို

အမေရိကန်က မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှု တွေထဲက ကျန်နေသေးတဲ့ ပိတ်ဆို့မှုတွေကို နောက်ထပ် သက်တမ်း တနှစ်တိုးဖို့ သမ္မတ အိုဘားမားက မေလ ၁၅ ရက်နေ့က ကွန်ကရက် လွှတ်တော်ကို စာရေးသား အကြောင်းကြား လိုက်ပါတယ်။

မြန်မာ့ နိုင်ငံရေး ပွင့်လင်းလာမှုဟာ အစပျိုးရုံပဲ ရှိသေးပြီး၊ အထူးသဖြင့် ရခိုင်ပြည်နယ်လို၊ လူနည်းစုဒေသတွေမှာ၊ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေ အတွက် စိုးရိမ်ရဆဲ ဖြစ်ပြီး၊ တိုင်းပြည်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးတို့မှာ စစ်တပ်က ဆက်လက် ပါဝင် ပတ်သက်နေဆဲ ဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံ အနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေကို အားစိုက်လုပ်နေပေမယ့်၊ မြန်မာ့နိုင်ငံရေး အခြေအနေဟာ၊ အမေရိကန် ပြည်ထောင်စုရဲ့ လုံခြုံရေးနဲ့ နိုင်ငံခြားရေး မူဝါဒတွေအပေါ် အန္တရာယ် ရှိနေသေးတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုက မြန်မာ့အရေး ကျွမ်းကျင်သူ ပါမောက္ခ ဒေးဗစ် စတိုင်းဘတ်ကတော့ အဲဒီလို ခြိမ်းခြောက်မှုဆိုတာ တကယ်တော့ မရှိပါဘူးလို့ ဆိုပါတယ်။

သမ္မတက ပိတ်ဆို့ အရေးယူမှုတွေကို နောက်ထပ် သက်တမ်း တိုးမယ် ဆိုရင် အကြောင်း ခိုင်ခိုင်လုံလုံ ရှိကြောင်း ပြရပါတယ်၊ ဒါကြောင့် အခုလို အသုံးအနှုံးမျိုးကို သုံးတာပါလို့ သူကပြောပါတယ်။

Image copyright AFP
Image caption ၂၀၁၂ ခုနှစ်က သမ္မတအိုဘားမားမြန်မာနိုင်ငံကို သွားရောက်ခဲ့

ကွန်ဂရက်လွှတ်တော်မှာက မြန်မာ့ အတိုက်အခံ တွေကို အစဉ်တစိုက် ထောက်ခံ အားပေးတဲ့ သူတွေ ကြီးစိုးတယ်၊ နောက်တခါ အမေရိကန် ခေါင်းဆောင်တွေ မြန်မာအစိုးရနဲ့ သိတ်နီးစပ် မသွားအောင် လှုံ့ဆော်ရေး အုပ်စုတွေကလည်း သတိပေးနေကြတဲ့ အတွက် အိုဘားမားအစိုးရကလည်း မြန်မာနဲ့ ဆက်ဆံရေးကို သတိနဲ့ လုပ်နေရပါတယ်လို့ ပါမောက္ခ ဒေးဗစ်စတိုင်းဘတ်က ပြောပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းကတင် အမေရိကန်အစိုးရက ရန်ကုန်မှာ အမေရိကန် စီးပွားရေးရုံး ဖွင့်မယ်လို့ ကြေငြာလိုက်ပြီး အခုတော့ ဆန်ရှင်တွေ သက်တမ်းတိုးလိုက်တယ် ဆိုတာက နားမလည်နိုင်စရာပါ လို့လည်း မစ္စတာ စတိုင်းဘတ်က ဘီဘီစီကို ပြောပါတယ်။

နောက်တခုက လူနည်းစုအရေး လူမျိုးစုအရေးတွေမှာ နိုင်ငံခြားသားတွေ ဝင်ပြီး ပါဝင်ပတ်သက် လာတာကို မြန်မာအစိုးရက သံသယကြီးကြီး ရှိတဲ့ အတွက်လည်း သတိထားသင့်တယ်လို့ ပါမောက္ခ ဒေးဗစ်စတိုင်းဘတ်က ပြောသွားပါတယ်။

အခု သက်တမ်းတိုးလိုက်တဲ့ ပိတ်ဆို့အရေးယူမှုတွေက အမေရိကန်စီးပွားရေး သမားတွေ၊ စီးပွားရေး လုပ်ငန်းတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှု လုပ်တာ၊ ဒီမိုကရေစီကို ဆန့်ကျင် ပိတ်ပင်တဲ့ မြန်မာအရာရှိတွေနဲ့ စီးပွားရေး လုပ်တာမျိုးတွေကို တားမြစ်ထားပါတယ်။