မြန်မာသာမဏေတွေ အကြောင်း ရုပ်ရှင်ပြ

  • 17 မေ 2014
Golden Kingdom ဓာတ်ပုံ မူပိုင် Golden Kingdom
Image caption အရွယ်ထက် ရင့်ကျက်တဲ့ ကိုရင်တွေ

မြန်မာနိုင်ငံမှာ ရိုက်ကူးထားတဲ့ ဇာတ်လမ်း ရုပ်ရှင်ကားကို ပြင်သစ်နိုင်ငံ ကန်းန် ရုပ်ရှင် ပွဲတော်မှာ ပြသ နေပါတယ်။

ရှမ်းပြည်နယ်က ကျေးရွာလေး တရွာမှာ အစအဆုံး ရိုက်ကူး ခဲ့တဲ့ Golden Kingdom ဇာတ်ကားဟာ ဒါရိုက်တာ ဘရိုင်ယန် ပါကင်းစ် ရဲ့ ပထမဆုံး ရုံတင် ဇာတ်ကားရှည် လဲ ဖြစ်ပါတယ်။

သာသနာ့ ဘောင်ထဲက မိဘမဲ့ ကိုရင်ငယ် လေးပါး က ဒီဇာတ်ကားမှာ အဓိက ဇာတ်ကောင် တွေပါ။ သူတို့တွေ ဘဝကို ဘယ်လို ဖြတ်သန်း သလဲ ၊ ဘဝနဲ့ ဗုဒ္ဓဘာသာ အပေါ် ကလေး အမြင်နဲ့ ဘယ်လို မြင်သလဲ ဆိုတာကို ပေါ်လွင်စွာ တင်ပြနိုင်အောင် သူကြိုးစား ထားတယ်လို့ ဘရိုင်ယန်က တယ်လီဖုန်းက တဆင့် ပြောပြပါတယ်။

၂၀၁၂ ခုနှစ်ထဲမှာ မြန်မာနိုင်ငံကို အလည် လာခဲ့တုန်းက သူဟာ အခုဇာတ်ကား ရိုက်ကူးခဲ့တဲ့ ဘုန်းကြီးကျောင်းမှာ တည တည်းခဲ့ပြီး ဒီကိုရင်လေး တွေကို စသိခဲ့တယ်လို့ သူက ပြောပါတယ်။

အဲဒိနောက်မှာ ကျောင်းထိုင် ဆရာတော်ရဲ့ ခွင့်ပြုချက်နဲ့ ဒီဇာတ်လမ်းကို ရေးပြီး မြန်မာ နိုင်ငံကို နောက်တခေါက် ပြန်လာ ရိုက်ကူး ခဲ့တာပါ။

ကလေးတွေက အရွယ်နဲ့ စာရင် တော်တော်လေး ရင့်ကျက် နေပါတယ်။ စိတ်ပိုင်း ဆိုင်ရာ ပြည့်ဝသလို ကိုယ့်ကိုယ်ကိုယ်လဲ အားကိုး နိုင်တယ်။ ဒီကိုရင်လေးတွေရဲ့ ပင်ကိုစရိုက် က ကျနော့်ကို အတော် ဖမ်းစား နိုင်ပါတယ် လို့ သူက ပြောသွား ပါတယ်။

ဒီဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ ကိုရင်လေးတွေဟာ မိဘမဲ့ ကလေးတွေ ဖြစ်ကြ ပါတယ်။ မြန်မာနိုင်ငံမှာ ဘုန်းကြီးကျောင်း တွေဟာ မိဘမဲ့ ယောက်ျား ကလေးတွေ အတွက် ခိုလှုံရာလို ဖြစ်နေတယ်လို့ သူက ပြောခဲ့ပြီး ဘုန်းကြီး ကျောင်း တွေကို မှီခို နေရတဲ့ ကလေး အရေအတွက် ဘယ်လောက် များလဲ ဆိုတာကိုလဲ သူက အံ့ဩမိကြောင်း ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ခုထိ ဖြစ်ပွား နေဆဲ ဖြစ်တဲ့ ပြည်တွင်းစစ် နဲ့ ပတ်သက်တဲ့ အခန်း တချို့ကိုလဲ ဘရိုင်ရန်က သူ့ရဲ့ ရုပ်ရှင်ထဲမှာ ထင်ဟပ် ပုံဖော် ထားပါတယ်။

ဒီဇာတ်ကားကို သောကြာနေ့ ညက ကန်းရုပ်ရှင် ပွဲတော်ရဲ့ ကန်းန်မားကတ် ကဏ္ဍမှာ ပထမဆုံး ပြသခဲ့ပြီး ပရိသတ် ရုံပြည့် ခဲ့တယ်လို့ သိရပါတယ်။ ရုပ်ရှင်ကား ပြသ အပြီးမှာ ပြုလုပ်တဲ့ ဒါရိုက်တာနဲ့ အမေးအဖြေ ကဏ္ဍမှာ ဇာတ်ကား အကြောင်း အပြင် မြန်မာနိုင်ငံက အခြေအနေ တွေ ကိုလဲ စိတ်ဝင်တစား မေးကြတာတွေ ရှိတယ်လို့ ပြောပါတယ်။

ဒီဇာတ်ကားကို မြန်မာနိုင်ငံမှာ ပြဖို့ရော စိတ်ကူးနေလား ဆိုတဲ့ မေးခွန်းကိုတော့ မျှော်လင့်ထားတယ်လို့ သူက ရယ်ပြီး ပြောခဲ့ပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ