ကမ္ဘာ့ဘဏ် မြန်မာကို ကွင်းဆင်းလေ့လာ

  • 17 မေ 2014
myanmar health ဓာတ်ပုံ မူပိုင် Reuters
Image caption အမျိုးသမီးနဲ့ ကလေး ကျန်းမာရေး အရေးပါ

မြန်မာနိုင်ငံ အလုပ်အကိုင် ဖန်တီးရေးနဲ့ ဆင်းရဲမှု တိုက်ဖျက်ရေး အရှိန်အဟုန်နဲ့ ဆောင်ရွက်နေတာကို ကျေနပ် ကြောင်း ကမ္ဘာ့ဘဏ် အရှေ့အာရှနဲ့ ပစိဖိတ် ဆိုင်ရာ ဒုတိယ ဥက္ကဋ္ဌ မစ္စတာ ထရော် ဆင်ဘတ်က ပြောပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ လူထုအခြေပြု စီမံကိန်းဟာ ရပ်ရွာလူထုအတွက် အင်မတန် ထိရောက်ကြောင်းလဲ သူက ပြောခဲ့ပါတယ်။

မစ္စတာ အေဇဲလ်ဗင် ထရော်ဆင်ဘတ်က သွားရောက် လေ့လာ ခဲ့တဲ့ စီမံကိန်းက လူထု ဗဟိုပြု အမျိုးသား စီမံကိန်းပါ။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှာ အတည်ပြုခဲ့တဲ့ ဒီစီမံကိန်းဟာ ၂၅ နှစ်အတွင်း ကမ္ဘာ့ဘဏ်ရဲ့ ပထမဆုံး စီမံကိန်း ဖြစ်ပြီး ကနဦးရလဒ် တွေကို သွားရောက် လေ့လာ တာပါ။

ကမ္ဘာ့ဘဏ်ရဲ့ အပြည်ပြည် ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ ရန်ပုံငွေ အမေရိကန် ဒေါ်လာ သန်း ၈ဝ နဲ့ မြို့နယ် ၁၅ မြို့နယ်မှာ လူထု ဗဟိုပြုတဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ခြောက်နှစ်ကြာ လုပ်ဆောင် မှာပါ။

စီမံကိန်း ပထမနှစ် မှာတော့ ရှမ်းပြည်နယ် နမ့်စမ်မြို့နယ်၊ တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်နဲ့ ချင်းပြည်နယ် ကန်ပက်လက် မြို့နယ်တွေကို ရွေးချယ်ပြီး စီမံကိန်းကို စတင် နေပါတယ်။

ဒီစီမံကိန်းဟာ ကျေးလက် ဒေသမှာ အခြေခံ အဆောက်အဦ တွေ မြှင့်တင်ဖို့ ရည်ရွယ်တာ ဖြစ်ပေမယ့် ချင်းပြည်နယ်က စီမံကိန်း ဒေသ တွေကို သွားရောက် တဲ့အခါမှာ ဒေသခံ တွေက သူတို့ရဲ့ နေ့စဉ် စားဝတ် နေရေးကို ပြေလည် စေမယ့် စီမံကိန်းမျိုးကို ဆောင်ရွက်ပေးဖို့ တောင်းဆိုတာ မျိုးတွေလဲ ရှိခဲ့တယ်လို့ သိရ ပါတယ်။

ဒီခရီးစဉ် တွေမှာ တွေ့ဆုံခဲ့တဲ့ ဆွေးနွေးပွဲ ရလဒ်တွေ၊ စီမံကိန်းတွေကို သွားရောက် လေ့လာခဲ့တဲ့ ရလဒ် တွေပေါ် မူတည်ပြီး နောက်လာမယ့် လေးနှစ် ကာလအတွက် ကမ္ဘာ့ဘဏ် အုပ်စုရဲ့ မြန်မာနဲ့ ပူးပေါင်း ဆောင်ရွက်မှု မဟာဗျုဟာကို ရေးဆွဲသွားမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ် ဒုတိယ ဥက္ကဋ္ဌ ရဲ့ ခရီးစဉ်မှာ ဘဏ္ဏာရေး ဝန်ကြီး ဦးဝင်းရှိန်နဲ့လဲ တွေ့ဆုံပြီး မြန်မာနိုင်ငံနဲ့ ကမ္ဘာ့ဘဏ် ကြား ရေရှည်လက်တွဲ ဆောင်ရွက် သွားဖို့နဲ့ မြန်မာ နိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် တွေကို ဆက်ကူညီသွား ဖို့ ဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။

အမျိုးသမီးနဲ့ ကလေး တွေ အတွက် အရည်အသွေး မြင့်မားတဲ့ ကျန်းမာရေး စောင့်ရှောက်မှု ရစေဖို့နဲ့ အခြေခံ လူတန်းစား ပြည်သူတွေ ကျန်းမာရေး အသုံးစရိတ် မြင့်မား နေမှုကို လျှော့ချဖို့လဲ ကမ္ဘာ့ဘဏ်က ကူညီ သွားဖို့ ရှိနေတယ်လို့ သိရပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ