KIO ဒေသ လက်ကျန် သန်းခေါင်စာရင်း ကောက်မယ်

ဓာတ်ပုံ မူပိုင် c

ဧပြီလက တစ် နိုင်ငံလုံး သန်းခေါင် စာရင်း ကောက်ယူတဲ့ နေရာမှာ ကျန်နေခဲ့တဲ့ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ထိန်းချုပ် ဒေသက ကျေးရွာ တွေမှာ စာရင်း ပြန်ကောက် ဖို့ အစိုးရနဲ့ ကေအိုင်အိုတို့ သဘောတူညီ လိုက်ကြ ပါပြီ။

မေလ ၁၃ရက် နေ့က မြစ်ကြီးနားမြို့ မှာ ပြုလုပ် ခဲ့တဲ့ အစိုးရနဲ့ ကေအိုင်အို တို့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မှာ၊ သန်းခေါင် စာရင်း ကော်မရှင် ဥက္ကဌ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီနှင့် ကေအိုင်အေက ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်တို့ သီးခြား တွေ့ဆုံ မှု အပြီး အခု လို သဘော တူညီချက် ရလာခဲ့တာပါ။

နှစ် ၃ဝ အတွင်း ပထမဆုံး အကြိမ် ကောက်ယူတဲ့ သန်းခေါင် စာရင်း ကောက်ယူ မှုမှာ ကချင် ပြည်နယ်နှင့် ရခိုင် ပြည်နယ် နှစ်ခုတည်းက ကျေးရွာ ဒေသ အချို့ ကျန်နေခဲ့ ပြီးတော့ သန်းခေါင် စာရင်း ကောက်ယူမှု လုပ်ငန်းစဉ် တစ်ခုလုံးရဲ့ နှစ် ရာခိုင်နှုန်းမျှ ရှိတယ်လို့ အစိုးရ ဘက်က ခန့်မှန်း ထားပါတယ်။

၂ဝ၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင် စာရင်းကို မတ် ၃ဝရက်မှ ဧပြီ ၁ဝ ရက် အထိ တစ်နိုင်ငံလုံး အတိုင်း အတာ ကောက်ယူမှု ပြုလုပ်ခဲ့ ပြီးတော့ ဝေးလံ တဲ့ ဒေသ တွေ အပါ အဝင် ဆက်လက် ကောက်ယူရန် အကြောင်း အမျိုးမျိုးကြောင့် ကောက်ခံဖို့ ကျန်ခဲ့တဲ့ နေရာတွေကို ဆက်လက် စာရင်း ကောက်ယူ နိုင်ဖို့ အတွက် အခုနှစ် ဇွန် ဒုတိယ ပတ်ထိ သတ်မှတ်ထား ပါတယ်။

မြန်မာ နိုင်ငံ တစ်နိုင်ငံ လုံးရဲ့ လူဦးရေ အရေ အတွက် အကြမ်း စာရင်း ဟာ လာမယ့် ဩဂုတ်လမှာ ထုတ်ပြန်မှာ ဖြစ်ပြီး သန်ခေါင်း စာရင်း ကောက်ယူမှုရဲ့ အသေးစိတ် စာရင်း ကတော့ ၂၀၁၅ ခုနှစ် မေလမှာ ထုတ်ပြန် နိုင်မယ်လို့ အစိုးရ ဘက်က ပြောထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ