လူထုအား ရယူတာ ရင်ကြားစေ့ရေးကို မထိခိုက်

dassk_mandalay_ ဓာတ်ပုံ မူပိုင် burmese
Image caption ဒေါ်အောင်ဆန်းစုကြည် တောင်သမန် ဟောပြောပွဲ

လွှတ်တော်အတွင်း ဖွဲ့စည်းပုံဆိုင်ရာ ဥပဒေတွေ ပြင်ဆင်နိုင်ဖို့ရာ၊ တပ်မတော်ရဲ့ အခန်းကဏ္ဍနဲ့ သဘောထားရပ်တည်မှုက အရေးပါတယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း က ပြောပါတယ်။

ဒီနှစ်မကုန်ခင် လွှတ်တော်အတွင်း အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ကို တပ်မတော်သား တွေ လုပ်ဆောင်ပြပါ ဆိုတဲ့၊ ဒေါ်အောင်ဆန်းစုကြည် ရဲ့ မန္တလေး တောင်သမန် လူထု ဟောပြောပွဲ စိန်ခေါ်မှုဟာ ဆိုရင်၊ တပ်မတော် ဟာ ဥပဒေပြုရေး အာဏာ မှာ ဝင်ရောက် ပတ်သက်နေပြီး၊ လွှတ်တော်ထဲ မှာ နေရာယူ ထားတဲ့ အတွက်၊ စစ်တပ်ကို ဦးတည် ပြောဆိုရတာ မျိုး ဖြစ်တယ် ဆိုပြီး၊ ၈၈ မျိုးဆက် ငြိမ်းပွင့် အဖွဲ့ က ကိုဌေးကြွယ် က ဘီဘီစီ ကို ပြောပါတယ်။

လွှတ်တော်တွင်း အခြေခံ ဥပဒေ ပြင်ဆင် နိုင်ဖို့ရာ၊ ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း ကျော်လွန်ရမှာ ဖြစ်တဲ့ အတွက်၊ စစ်ဘက်က ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရဲ့ သဘောထားဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။

သီးခြား အခွင့်အရေး ရယူထားတာ မရှိတဲ့ ပြည်ချစ်တပ်မတော် ဖြစ်လာရေးကို အရင်းခံ ပြောဆိုမှု ဖြစ်တာမို့ တပ်မတော် အပေါ်၊ ဒီလို တိုက်ရိုက် စိန်ခေါ်ချက်ဟာ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး လမ်းကြောင်းနဲ့ ဝိရောဓိ မဖြစ်ပါဘူး လို့ ကိုဌေးကြွယ်က ဆိုပါတယ်။

အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး မှာ၊ အခရာကျနေတဲ့ ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း ကျော်လွန်ရမယ့် ကန့်သတ်ချက် ပုဒ်မ ၄၃၆ ကို အရင်ဆုံး ပြောင်းလဲနိုင်ရေး အတွက်၊ ဒီလို လူထု ဟောပြောပွဲတွေ လူထု လှုပ်ရှားမှုတွေ ပြုလုပ်ကာ၊ လူထု သဘောထား လက်မှတ်တွေ ကောက်ခံပြီး၊ လွှတ်တော်ထံ တင်ပြသွားမယ် ဆိုပြီး ကိုဌေးကြွယ်က ရှေ့လုပ်ငန်းစဉ် ကို ပြောပါတယ်။

အာဏာရ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဒုတိယ ဥက္ကဌ ဖြစ်တဲ့ ဦးဌေးဦးကတော့၊ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြခံ ဥပဒေဟာ သူတို့ ရအောင် ဆွဲထားခဲ့တဲ့ ဖွဲ့စည်းပုံ ဖြစ်ပြီး၊ နာဂစ်အခြေခံ ဥပဒေလို့ ခေါ်ဝေါ် နေကြမှု တွေ ရှိပေမယ့်၊ အများ ပြည်သူ ရှေ့မှောက် ချပြခဲ့ ပြီး၊ ဆန္ဒ သဘောတူမှု ရယူခဲ့တာပါ လို့ ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် နိုင်ငံရပ်ခြား က ဖွဲ့စည်းပုံရေးရာ ကျွမ်းကျင်သူ ပညာရှင်တွေ နဲ့ ဆွေးနွေးတာမျိုး အပါအဝင်၊ ကြံခိုင်ရေး ပါတီအနေ နဲ့ လက်ရှိ ဖွဲ့စည်းပုံ အပေါ် အမြဲ သုံးသပ်မှု တွေ ပြုလုပ်နေပါတယ် ဆိုပြီးတော့လည်း ပြောပါတယ်။ ဖွဲ့စည်းပုံကို ပြင်ဆင်ရေး နဲ့ ပတ်သက်ပြီး အခု လောလောဆယ် သဘောထား မှတ်ချက် မပြုသေးပေမယ့်၊ လိုအပ်ချက် နစ်နာချက်တွေ ရှိတယ်ဆိုပြီး တင်ပြလာမှုတွေ ရှိရင် ထည့်သွင်း စဉ်းစား ပေးပါမယ် လို့ ဦးဌေးဦး က ပြောပါတယ်။

တဘက်မှာလည်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း တို့ ပူးပေါင်းပြီး၊ အခြေခံ ဥပဒေ ပြင်ဆင်ရေး လူထု ဟောပြောပွဲတွေကို ရန်ကုန် မန္တလေး အပါအဝင် မြန်မာနိုင်ငံ မြို့ကြီးတွေ မှာ စတင် ပြုလုပ်နေပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ