တရုတ် အလုပ်သမားတွေကို ဖမ်းသူတွေ အရေးယူခံရ

Two Chinese Workers were detained by Sede Villagers
Image caption ဝမ်ပေါင်က တရုတ် ဝန်ထမ်း ၂ ယောက်ကို ဆည်တည်း ရွာသားတွေ ဖမ်းထားခဲ့စဉ်

လက်ပံတောင်း စီမံကိန်း ဧရိယာမှာ ရဲတွေနဲ့ ရုန်းရင်း ဆန်ခတ် ဖြစ်မှု၊ တရုတ် ဝန်ထမ်း၂ ယောက်ကို ဖမ်းဆီးခဲ့မှုတို့ အတွက် ဒေသခံ ရွာသား တွေကို အမှုဖွင့် လိုက်ပါတယ်။

ဆည်တည်း ရွာသားတွေနဲ့ ကျောက်ဖြူတိုင် ရွာသားတွေကို အုပ်စု ၂စု ခွဲပြီး ဆားလင်းကြီး ရဲစခန်းမှာ အမှုဖွင့် တာဖြစ်ပါတယ်။

ရွာသားတွေ ဖမ်းထားခဲ့တဲ့ ဝမ်ပေါင် ကုမ္ပဏီက တရုတ် အလုပ်သမား ၂ ယောက်ကို ပြန်ခေါ်နိုင်ဖို့ မေလ ၁၈ ညက ဇီးတော ကျောင်းတိုက်ကို ဝင်လာတဲ့ ရဲတွေကို ကျောက်ဖြူတိုင် ရွာသား တွေက တိုက်ခိုက်ပြီး ရဲတပ်ဖွဲ့ ပိုင် ဆိုင်ကယ် ၁၂ စီး နဲ့ ကားငါးစီးကို ဖျက်ဆီးခဲ့မှုနဲ့ ကျောက်ဖြူတိုင် ရွာသားတွေကို အမှုဖွင့်ထားတာ ဖြစ်ပြီး ဆည်တည်းရွာက ခေါင်းဆောင် ၅ယောက်နဲ့ ရွာသားတွေ ကိုတော့ တရုတ်ဝန်ထမ်း နှစ်ယောက်ကို ဖမ်းဆီးခဲ့မှုနဲ့ အမှုဖွင့် ထားတယ်လို့ ဆားလင်းကြီး မြို့နယ် စခန်းမှူးက ဘီဘီစီကို အတည်ပြု ပြောပါတယ်။ သူတို့အမှုကို ဇွန်လ ၈ ရက်မှာ ရုံးတင်မယ်လို့ ဆိုပေမဲ့ ကာယကံရှင် ရွာသားတွေက သူတို့ကို ဘာပုဒ်မနဲ့ အမှုဖွင့်ထားပြီး ဘယ်နေ့ ရုံးချိန်း လာရမယ်ဆိုတာ အကြောင်းကြားတာ မရှိဘူးလို့ ပြောပါတယ်။

မေလ ၁၉ ရက်နေ့က ညှိနှိုင်း ခဲ့ကြတုန်း ကလည်း မပြောလိုက်ဘူးလို့ အမှုဖွင့်ခံထားရတဲ့ ဆည်းတည်း ရွာသူ မဝင်းဝင်းဌေးက ပြောပါတယ်။

အစိုးရ သတင်းစာတွေ မှာတော့ တရုတ် ဝန်ထမ်း နှစ်ယောက်ကို ဖမ်းထားတဲ့ ကိစ္စအတွက် ငြိမ်းငြိမ်း ချမ်းချမ်း ဖြေရှင်းဖို့ လာတဲ့ ညှိနှိုင်းရေး အဖွဲ့တွေကို ရွာသားတွေက အကြမ်းဖက် တိုက်ခိုက်လို့ ရဲသား နှစ်ယောက် ဒဏ်ရာရပြီး ဆေးရုံတက် ကုနေရတယ်လို့ ဖော်ပြထားပါတယ်။

ရွာသားတွေ ကတော့ တဘက်နဲ့တဘက် အပြန်လှန် ပစ်ခတ်လို့ ထိခိုက်တာ ဖြစ်ပြီး သူတို့ ရွာသားတွေ ဘက်မှာလည်း ဒဏ်ရာ ရသူတွေရှိတယ်လို့ ပြောပါတယ်။

ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့မှုမှာ ရဲတပ်ဖွဲ့ ဘက်က ရာဘာ ကျည်ဆန်တွေ၊ မျက်ရည်ယိုဗုံး တွေနဲ့ ပစ်ခတ် လူစုခွဲ ခဲ့ရပါတယ်။

နောက်တနေ့ ညနေပိုင်း ရောက်တော့ နှစ်ဘက်ညှိနှိုင်းမှုတွေ အရ တရုတ်ဝန်ထမ်း နှစ်ယောက်ကို ပြန်လွှတ် ပေးလိုက်တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ