NDF ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်းကွယ်လွန်

  • 21 မေ 2014
ဓာတ်ပုံ မူပိုင် NDF
Image caption ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အတွက် မဲဆွယ်စဉ်

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီရဲ့ ခေါင်းဆောင် ဒေါက်တာ သန်းငြိမ်း အသက် ၇၆ နှစ်ဟာ အသည်းကင်ဆာ ရောဂါနဲ့ ဒီကနေ့မနက်က ကွယ်လွန်သွားပါပြီ။

ဒေါက်တာသန်းငြိမ်းဟာ နိုင်ငံရေး အကျဉ်းသား ဘဝကတည်းက ထောင်တွင်းက ရလာတဲ့ အသည်းကင်ဆာကို ကုသနေရင်း ရန်ကုန်က ပင်လုံဆေးရုံမှာ ဒီမနက် ၆ နာရီခွဲခန့် ဆုံးပါးသွားတာဖြစ်ပါတယ်။

စင်္ကာပူနဲ့ အိန္ဒိယနိုင်ငံတွေမှာ ကုသနေရင်းက မရနိုင်တော့တဲ့ အခြေအနေမို့သူ့ ဆန္ဒအရ မြန်မာပြည်ပြန် ကုသရင်း ဆုံးပါးသွားတာဖြစ်တယ်လို့ ဒေါက်တာသန်းငြိမ်းရဲ့ သားဖြစ်သူ ကိုစည်သူငြိမ်းက ပြောပါတယ်။ ဒေါက်တာသန်းငြိမ်းနဲ့အတူ အန်အယ်လ်ဒီက ခွဲထွက်ပြီး အန်ဒီအက်ဖ်ပါတီကို ထူထောင်ခဲ့တဲ့ လက်ရှိ အန်ဒီအက်ဖ်ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဒေါက်တာသန်းငြိမ်း ကွယ်လွန်ခဲ့တာဟာ ဒီမိုကရေစီ အင်းအားစုတွေအတွက် လစ်ဟာမှုကြီးလို့ ပြောပါတယ်။

ဒေါက်တာသန်းငြိမ်းဟာ ဆေးကျောင်းသား ဘဝကလည်း ကျောင်းသားသမဂ္ဂ တွေမှာ ဥက္ကဌအဖြစ် လုပ်ဖူးခဲ့သလို ၁၉၉၀ ရွေးကောက်ပွဲမှာ ကျောက်တန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီအနေနဲ့ အနိုင်ရခဲ့သူလည်းဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာတော့ အန်အယ်လ်ဒီပါတီကနေ ခွဲထွက်ပြီး အန်ဒီအက်ဖ်ပါတီကို ထူထောင်ခဲ့ပါတယ်။

ဒေါက်တာသန်းငြိမ်း နိုင်ငံရေးလောကထဲကို ရောက်လာတော့ ဆေးကုသခွင့်မရှိဘဲ ဆေးခန်းဖွင့်တယ်ဆိုပြီး ပထမအကြိမ် ထောင် ၃လ ကျခဲ့ဘူးသလို ၁၉၉၈ခုနှစ်မှာ နိုင်ငံရေးပုဒ်မ ၅ည နဲ့ ထောင် ၁၁ ကျခံခဲ့ရပြီး ၂၀ဝ၈ ခုနှစ်မှာ ပြန်လွတ်လာခဲ့တာပါ။

ဒေါက်တာသန်းငြိမ်းဟာ ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ခင်ညွန့်ရဲ့ဇနီး ဒေါက်တာခင်ဝင်းရွှေရဲ့ အကိုလည်းဖြစ်ပါတယ်။

ဒေါက်တာသန်းငြိမ်း ကွယ်လွန်ချိန်မှာတော့ ဇနီးသည် ဒေါ်ခင်အေးနဲ့ သားသမီး ၅ယောက် ကျန်ရစ်ခဲ့ပါတယ်။ သူ့ရဲ့ ဈာပနကိုတော့ မေလ ၂၃ ရက်နေ့ နေ့လည် ၁၂ နာရီ ရေဝေး သုသာန်မှာ ပြုလုပ်မယ်လို့သိရပါတယ်။