BBC navigation

ယူနတီ ဂျာနယ် သတင်းထောက်တွေကို စွဲချက်တင်ပြီ

နောက်ဆုံး ရေးသားချိန် 21 မေလ 2014 - 02:03 GMT

ဓါတု လက်နက်တွေ လျှို့ဝှက် ထုတ်နေတယ် ဆိုပြီး Unity ဂျာနယ်မှာ ဖေါ်ပြခဲ့

မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြို့နယ်ထဲက ကာကွယ်ရေး ပစ္စည်းစက်ရုံ အမှတ်၂၄ ရဲ့ အကြောင်းကို လျှို့ဝှက် ဓါတုလက်နက် စက်ရုံ ဆိုတဲ့ ခေါင်းစည်းနဲ့ ရေးသား ဖေါ်ပြခဲ့လို့ ဖေဖေါ်ဝါရီလဆန်းက အဖမ်းခံထားရတဲ့ Unity ဂျာနယ်ရဲ့ အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက် ၄ ဦးကို နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှု ပုဒ်မနဲ့ စွဲချက် တင်လိုက်ပြီ ဖြစ်ပါတယ်။

ပခုက္ကူထောင်မှာ ထိန်းသိမ်းထားတဲ့ Unity ဂျာနယ်က ဦးတင့်ဆန်း၊ ကိုရာဇာဦး၊ ကိုပိုင်သက်ကျော်၊ ကိုစည်သူစိုးနဲ့ ကိုလူမော်နိုင်တို့ကို ပခုက္ကူခရိုင် တရားသူကြီးက အခုလို စွဲချက်တင်လိုက်တာပါ။

စွဲချက်တင် ခံလိုက်ရတဲ့ Unity ဂျာနယ်ဘက်က ရှေ့နေ အဖြစ် လိုက်ပေးတဲ့ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းကတော့ ခုလို စွဲချက်တင်လိုက်တာနဲ့ ပြစ်မှု မြောက်တာ မဟုတ်သေးဘဲ Unity ဂျာနယ်ဘက်က ဘယ်လို ဖြေရှင်းမလဲ ဆိုတာ ကြားချင်လို့ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

ရုံးချိန်းကိုတော့ လာမယ့် မေလ ၂၆ ရက်နဲ့ ၂၇ ရက်ကို ပြန်ချိန်းထားပြီး Unity ဂျာနယ်ဘက်က တင်ပြထားတဲ့ သက်သေ ၇ယောက်ကို စတင် စစ်ဆေးမယ် လို့လည်း သိရပါတယ်။

ခုလို သတင်းထောက်တွေကို အပြစ်ပေးနိုင်ဖို့ စွဲချက်တင်လိုက်တာဟာ သတင်း လောကသားတွေကို ဖိနှိပ်ဖို့ ခြောက်လှန့်လိုက်တာလား ဆိုပြီး ဝေဖန်မှုတွေ ရှိသလို ဒီအမှု ဘယ်လို ဖြစ်လာမလဲ ဆိုတာကို အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။