ဆင်းရဲသူတွေအတွက် အစိုးရက လစာ၂၅ရာနှုန်းလှူမယ်

ဓာတ်ပုံ မူပိုင် AP
Image caption ဆင်းရဲတဲ့ ပြည်သူတွေအတွက် လစာထဲက ငွေလှူကြဖို့ သမ္မတ ဦးသိန်းစိန်က ဝန်ကြီး တွေကို အကြံပြု

ဆင်းရဲ ချို့တဲ့တဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ ပညာရေး လိုအပ်ချက်တွေ ထောက်ပံ့ဖို့ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့က လစာ၂၅ရာခိုင်နှုန်း ထည့်ဝင် လှူဒါန်းသွားမယ်လို့ သိရပါတယ်။

အခုနှစ် ဧပြီလက စပြီး ပြည်ထောင်စု အဆင့် အစိုးရ အဖွဲ့ဝင်တွေ လစာငွေ တိုးခံစားခွင့် ရခဲ့ကြောင်း၊ သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ လစာတချို့ကို ဆင်းရဲ နွမ်းပါးသူတွေ အတွက် ရန်ပုံငွေ ထူထောင် ထည့်ဝင်ဖို့ ရည်ရွယ်ထားပြီး တခြားသူတွေကိုလည်း ထည့်ဝင်လိုပါက ထည့်ဝင်ကြဖို့ အကြံပြုခဲ့ရာကနေ အခုလို စီစဉ် ဖြစ်သွားတာလို့ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲထွဋ်က ဘီဘီစီကို ပြောပါတယ်။

"ဆင်းရဲနွမ်းပါးသူများ ကူညီ စောင့်ရှောက်ရေး ရန်ပုံငွေ" ဆိုတဲ့ အမည်နဲ့ အလှူငွေ တွေ ကောက်ခံ စုဆောင်းသွားမှာ ဖြစ်ပြီး ထည့်ဝင်နိုင်တဲ့ ငွေစာရင်း အမှတ်ကို ပြီးခဲ့တဲ့ မေလ ၁၉ရက်နေ့က ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးနဲ့ ပတ်သက်လို့ ဝန်ကြီးဌာန ဖွဲ့စည်း ဆောင်ရွက်နေတာ ရှိပေမယ့် အခုဒီရန်ပုံငွေက နိုင်ငံတော်က ဆောင်ရွက်နေတဲ့ စီမံကိန်းကို ထပ် အားဖြည့်ပေးတဲ့ သဘော ဖြစ်တယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

ဒီလို လုပ်တာဟာ နာမည် ရချင်လို့ လုပ်တာ မဟုတ်ပဲ မြန်မာတို့ရဲ့ စိတ်ထား ဓလေ့အတိုင်း ကိုယ့် ရှိတဲ့အထဲက လှူဒါန်းတာ ဖြစ်တယ်လို့ သူက ပြောသွား ပါတယ်။