တရုတ်ဝန်ထမ်းတွေကို မဖမ်းကြောင်း ဖြေရှင်း

cooper_mine ဓာတ်ပုံ မူပိုင် Getty
Image caption အငြင်းပွားဖွယ် လက်ပတောင်းတောင် ကြေးနီ စီမံကိန်း

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ကိုင်နေတဲ့ ၀မ်ပေါင်ကုမ္ပဏီ က တရုတ်နိုင်ငံသား ၀န်ထမ်း (၂)ဦး ကို၊ ဖမ်းဆီးချုပ်နှောင် ပြန်ပေးဆွဲတာ မျိုး မလုပ်ခဲ့ဘူး ဆိုပြီး ဒီ စီမံကိန်း ဧရိယာ မှာ ပါရှိတဲ့ ဆည်တည်းရွာ ဒေသခံတွေက မနေ့ ၂၂ ရက် မေလက ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောလိုက်ပါတယ်။

တရုတ်၀န်ထမ်း(၂)ဦး ကို ဓားစာခံ အဖြစ် ပြန်ပေးဆွဲတဲ့ ပုံစံမျိုး ဖမ်းဆီးခေါ်ဆောင် ခဲ့တယ်ဆိုပြီး၊ အာဏာပိုင်တွေ နဲ့ ၀မ်ပေါင်ကုမ္ပဏီ ရဲ့ ထုတ်ပြန်ချက်တွေဟာ မှားယွင်းနေတယ် လို့ ဒေသခံတွေ က ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

၀မ်ပေါင်ကုမ္ပဏီ ရဲ့ သံဆူးကြိုးကို တိုးချဲ့ဖို့ လာရောက် မှတ်တိုင်စိုက်ကြောင်း ဝန်ခံခဲ့တဲ့ အဲဒီ၀န်ထမ်း (၂)ဦး ကို၊ သူတို့ အထက်အရာရှိတွေထံ ဖုန်းနဲ့ ဆက်သွယ်စေပြီး ရွာခံတွေနဲ့ လာရောက် စကားပြောဆိုဖို့ တောင်းဆို စောင့်ဆိုင်းစဉ် မှာ၊ ရွာထဲကို ခေါ်ဆောင်ခဲ့တာ ဖြစ်ကြောင်း နဲ့၊ ရွာထဲမှာ သူတို့ကို ချူပ်နှောင် ထားခဲ့ခြင်း မရှိပဲ၊ သူတို့ရုံးနဲ့လည်း ဖုန်းနဲ့ အဆက်အသွယ် မပြတ် ရှိစေခဲ့တယ် လို့ ဆည်တည်း ကျေးရွာသူ တစ်ဦး ဖြစ်တဲ့ မမာမာရွှေက ပြောပါတယ်။

မတ်လ (၁၈)ရက်နေ့ က တရုတ်နိုင်ငံသား(၂)ဦးကို ဆည်တည်း ရွာသားတွေက ရွာအတွင်း သို့ ခေါ်ဆောင်ခဲ့တာ ဖြစ်ပြီး၊ နှစ်ဘက် ညှိနှိုင်း နိုင်ခဲ့တဲ့အတွက် နောက်တနေ့ ညနေ(၇)နာရီ မှာ သူတို့တွေကို ရွာသားတွေက ပြန်လွှတ် ပေးခဲ့ပါတယ်။

ဒီဖြစ်စဉ်ကြောင့် ကျောက်ဖြူတိုင် ရွာသားတွေ နဲ့ ရဲတပ်ဖွဲ့၀င် တွေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာ ရသူတွေ ရှိခဲ့သလို၊ ရဲကားတွေ ဖျက်ဆီးခံရတာမျိုး လည်း ရှိခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ