တရုတ်ဘက်ကို အမျိုးသမီးတွေ ပို့မယ့် လူမှောင်ခိုဂိုဏ်း ဖမ်းမိ

Image caption သတို့သမီး ရှားနေတဲ့ တရုတ်ပြည်က အမျိုးသားတွေက မြန်မာ မိန်းကလေးတွေကို ပေါင်းသင်းဖို့ ငွေပေး ဝယ်ကြ

မြန်မာအမျိုးသမီးတွေကို သွေးဆောင် ဖြားယောင်းပြီး အချိတ်အဆက်နဲ့ လူကုန် ကူးနေတဲ့ ဂိုဏ်းတဂိုဏ်းကို မန္တလေးမြို့ ချမ်းမြရွှေပြည် ကားကြီးဝင်းထဲမှာ ခြေရာခံ ဖမ်းဆီးမိခဲ့ပြီး လူကုန် တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၈ အရ ပြီးခဲ့တဲ့ ရက်ပိုင်းက အမှုဖွင့်ထားပါတယ်။

အဲဒီ အမျိုးသမီးတွေကို တဘက်နိုင်ငံ တရုတ်ပြည် ဘက်ကို ပို့ဆောင်ဖို့ စီစဉ်နေတာလို့လည်း သိရပါတယ်။

တရုတ်နိုင်ငံဘက်မှာ သတို့သမီးတွေ လိုအပ်နေတဲ့အတွက် မြန်မာအမျိုးသမီးတွေကို တရုတ် မြန်မာ နယ်စပ် မူဆယ်မြို့ကနေတဆင့် ရောင်းစားတာမျိုးတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတာပါ။

လူမှောင်ခို ကူးခံရတဲ့ မိန်းကလေးငယ်တွေဟာ ဘဝ ရပ်တည်မှု ခက်ခဲတဲ့၊ အသိ ပညာ ဗဟုသုတ နည်းပါးတဲ့ သူတွေ ဖြစ်တဲ့အတွက် သူတို့ ကိုယ်တိုင်က လူမှောင်ခို ကူးခံရတာကို မသိ နားမလည် ကြတဲ့ သူတွေ များတယ်လို့ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့စု ၁၁ က ရဲမှူး ဦးဖေသိန်းကျော် က ဘီဘီစီကို ပြောပါတယ်။

မန္တလေးမြို့ဟာ တရုတ်ပြည်ကို လူကုန်မှောင်ခို ကူးတဲ့ လမ်းကြောင်း တထောက်နားရာ အချက်အချာ နေရာ ဖြစ်ပါတယ်။

အခုအခါ မန္တလေးတိုင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့အနေနဲ့ ပညာပေး လက်ကမ်း စာစောင်တွေ ဝေတာမျိုးတွေ၊ မန္တလေးတိုင်း အတွင်း ခရိုင် ၇၀မှာ ရပ်ကျေး စောင့်ကြည့်ရေး အဖွဲ့တွေနဲ့ ပေါင်းပြီး ပညာပေး ဟောပြောတာမျိုးတွေ၊ အရေးအကြောင်း ရှိရင် ဆက်သွယ်နိုင်တဲ့ Hotline အရေးပေါ် ဖုန်းနံပတ်တွေ ပေးထားတာမျိုးတွေကို စီမံချက် ချ ဆောင်ရွက်နေတဲ့အတွက် အရင်နှစ်တွေ ကထက် စာရင် မန္တလေးတိုင်းအတွင်း လူမှောင်ခို ကူးမှုတွေ နည်းပါးလာတယ်လို့ ရဲမှူး ဦးဖေသိန်းကျော်က ပြောပါတယ်။