မြေကိစ္စ ကြားဝင်သူတွေ ထောင်ကျ

mandalay ဓာတ်ပုံ မူပိုင် AP
Image caption မြေစျေး ခေါင်ခိုက်နေတဲ့ မန္တလေး စျေးကွက်

မန္တလေး စည်ပင်သာယာ နဲ့ ပြည်သူတွေကြား မြေယာ ပိုင်ဆိုင်မှု အရှုပ်အရှင်းကိစ္စ ကြားဝင် ဖြန်ဖြေ ကြသူများကို မန္တလေး စည်ပင်သာယာ က ဝတ္တရား နှောက်ယှက်မှုနဲ့ တရားစွဲဆို လို့ ကြားဝင် ဆောင်ရွက် သူတွေ ထောင်ကျ ခဲ့ရပါတယ်။

မန္တလေး ချမ်းမြသာစည် မြို့နယ် မြရည်နန္ဒာ ရပ်ကွက်က မြေယာ အရောင်းအဝယ် အရှုပ်အရှင်း တခုမှာ စည်ပင်သာယာနဲ့ ပြည်သူတွေ ဖြစ်တဲ့ ပြဿနာကို ကြားဝင် ဖြေရှင်းပေးတဲ့ လူထု အကျိုးပြု ကွန်ယက်က ကိုအေးသိန်း အပါအဝင် ခြောက်ယောက်ကို ချမ်းမြသာစည် မြို့နယ် တရားရုံးက ဝတ္တရား နှောက်ယှက်မှုနဲ့ ထောင်ဒဏ် ၆ လ ချလိုက် တာပါ။

ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ တခုရဲ့ အလံနဲ့ ရုံးခန်းဖွင့်ပြီး မြေကွက် ရောင်းချတဲ့ ဗိုလ်မှူး ညွန့်စိန်ဆီက ရပ်ကွက်သား တွေ ဝယ်ယူခဲ့ကြတဲ့ မြေကွက်တွေ အပေါ်မှာ မူလ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး အငြင်းပွား ပြဿနာ တက်တာ ဖြစ်ပါတယ်။

ဗိုလ်မှူး ညွန့်စိန်ဟာ မြရည်နန္ဒာ ရပ်ကွက်ထဲမှာ တနှစ်ကျော် ရုံးခန်းဖွင့် အလံလွှင့်ပြီး ဒီမြေကွက်တွေကို ရောင်းနေစဉ်မှာ ဝယ်ယူ ခဲ့ကြတာပါ။

အဲဒိလို ရောင်းနေစဉ် ဘာပြဿနာမှ မဖြစ်ဘဲ ဝယ်သူ လက်ထဲရောက် ခြံစည်းရိုး ခတ်ပြီး အိမ်ဆောက်ဖို့ လုပ်ကြတော့မှ စည်ပင်က ဒီမြေဟာ သူတို့ပိုင်ပါလို့ ပြောဆိုပြီး ဘူဒိုဇာနဲ့ လာ ဖယ်ရှား ခဲ့တယ်လို့ တရားခံတွေ ဘက်က လိုက်ပါ ဆောင်ရွက်တဲ့ တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦး က ပြောပါတယ်။

မြေဝယ်ထားသူ တချို့ကိုလဲ ဝတ္တရား နှောက်ယှက်မှု၊ ပိုင်နက် ကျုးလွန်မှု တွေနဲ့ တရားစွဲဆို ထောင်ချ ခဲ့ပါတယ်။

တရားစွဲဆိုခံရတဲ့ မြေဝယ်မိသူ တွေကို ပိုင်ဆိုင်ခွင့် ကိစ္စ သေသေချာချာ မစုံစမ်း တဲ့အတွက် တရားရုံးက စီရင်ချက်ထဲမှာ အပြစ်တင် ရေးသား ထားတယ် လို့လဲ သိရပါတယ်။

အခုလို စည်ပင်နဲ့ ပြသနာ ဖြစ်ခဲ့တဲ့ မြေကွက်တွေ ရောင်းချခဲ့တဲ့သူကို ဘယ်လိုမှ အရေးမယူ ခဲ့ပါဘူး။

ဦးသိန်းသန်းဦး ကတော့ အမှုသည်တွေနဲ့ တိုင်ပင်ပြီး သူတို့ ဆန္ဒရှိရင် အယူခံ ဝင်မယ်လို့ ပြောခဲ့ပါတယ် ။