NCCT NLD နဲ့ ၈၈ မျိုးဆက် ခေါင်းဆောင်ဆွေးနွေး

  • 24 မေ 2014
bbc_304x171_bbc
Image caption အခြေခံဥပဒေ ပြင်ဆင်ရေး ပြည်သူလိုလား

(၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ရေး နဲ့ ပတ်သက်ပြီး တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) က တိုင်းရင်းသား ခေါင်းဆောင်တွေ ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ (၈၈)မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူအဖွဲ့အစည်း က ခေါင်းဆောင်တွေ နဲ့ ဆွေးနွေးခဲ့ပါတယ်။

(၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ NCCT က တိုင်းရင်းသား ခေါင်းဆောင်တွေ အနေနဲ့ ပူးပေါင်းဆောင်ရွက်ရေး မှာ၊ ဖက်ဒရယ်ပြည်ထောင်စု၊ ဒီမိုကရေစီ နဲ့ တိုင်းရင်းသား တွေ တန်းတူညီမျှရေး ကို အဓိက ထား ဆွေးနွေးခဲ့တယ်လို့ NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာ က ဘီဘီစီ ကို ပြောပါတယ်။

(၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ NCCT က ထောက်ခံသလို၊ ပြည်သူကလည်း လိုလိုလားလား ထောက်ခံကြောင်း၊ ဒါ ကို မပြင်ရင်၊ ဒီမိုကရေစီ နိုင်ငံတော်၊ ဖယ်ဒရယ် ပြည်ထောင်စု ဖြစ်လာဖို့ မလွယ်ကြောင်းလည်း ရှင်းပြပါတယ်။

NCCT ရဲ့ လှုပ်ရှားမှု အနေအထား နဲ့ NLD၊ (၈၈)မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူအဖွဲ့အစည်းတို့ရဲ့ လှုပ်ရှားမှု အနေအထား တွေ ဖလှယ်တာ ပါဝင်ကြောင်း၊ ဒီကမှ တဆင့်၊ မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲတွေ ကနေတဆင့်၊ ဖော်ဆောင်မှာ ဖြစ်တယ်လို့ ဦးနိုင်ဟံသာ က ပြောပါတယ်။

လက်ရှိမှာတော့ NLD နဲ့ (၈၈) အဖွဲ့တွေဟာ (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ (၄၃၆) ပြင်ဆင်ရေး လူထုဟောပြောပွဲတွေနဲ့ ဒီလှုပ်ရှားမှုတွေမှာ တိုင်းရင်းသားတွေ၊ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ၊ အနုပညာရှင်တွေ ပါဝင်လာဖို့ လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံပြင်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုတွေကို နိုင်ငံအနှံ့ ပြုလုပ်နိုင်ဖို့ကိုလည်း စီစဉ်နေပါတယ်။