ဖွဲ့စည်းပုံနဲ့ ပါတီ ဥပဒေတွေ လိုက်နာဖို့ ဒေါ်စုကို ကော်မရှင် သတိပေး

People gathering in Rangoon ဓာတ်ပုံ မူပိုင် bbc
Image caption ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဟောပြောပွဲတွေကို လူ သောင်းချီ တက်ခဲ့

ပြီးခဲ့တဲ့ သီတင်း တစ်ပတ်ကျော်က ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ဆိုင်ရာ လူထု စည်းဝေးပွဲတွေမှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေကို စိန်ခေါ်တဲ့ ပြောဆိုမှုတွေ ပြုလုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်း စုကြည်ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ နိုင်ငံရေး ပါတီများ မှတ်ပုံတင် ခြင်း ဥပဒေပါ စည်းကမ်း တွေကို လိုက်နာဖို့ ရွေးကောက်ပွဲ ကော်မရှင် သတိပေးလိုက် ပါတယ်။

အန်အယ်လ်ဒီ ပါတီဘက်ကတော့ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဟောပြောမှုတွေဟာ အခြေခံ ဥပဒေ ဘောင်ကို ကျော်လွန်တာ ဘာတခုမှ မရှိဘူးလို့ ပြောပါတယ်။

ကော်မရှင်ရဲ့ သတိပေးစာကို အန်အယ်လ်ဒီက ရရှိကြောင်း ဒါပေမဲ့ သတိပေးချက်ကို လက်မခံဘူး၊ ပါတီတွင်းမှာ ဆွေးနွေးပြီးရင် ဘယ်လို တုံ့ပြန်မယ် ဆိုတာ ရက်ပိုင်း အတွင်း ထုတ်ပြန် သွားမယ်လို့ အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူက ဘီဘီစီကို ပြောပါတယ်။

ပြည်သူ ပြည်သား နိုင်ငံသူ နိုင်ငံသား အားလုံး အခြခံ ဥပဒေကို ပြင်ဆင်ခွင့် ရှိတယ်လို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ထည့်သွင်း ဖော်ပြထားတဲ့ အတွက် ပြည်သူထဲက ပြည်သူ ဖြစ်တဲ့ တပ်မတော်သားတွေ အနေနဲ့လည်း ပြင်ဆင်လိုရင် ဆန္ဒ သဘောထား ပေးနိုင်အောင် ဒေါ်အောင်ဆန်း စုကြည် ပြောခဲ့တာ ဖြစ်တယ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ဆန့်ကျင်မှု မရှိဘူးလို့ အန်အယ်လ်ဒီ ပြန်ကြားရေး အဖွဲ့ဝင် ဦးဝင်းမြင့်က ပြောပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တာဝန်က ရွေးကောက်ပွဲ တွေကို သမာ သမတ်ကျအောင် လုပ်ဆောင်ဖို့သာ ဖြစ်ပြီး အန်အယ်လ်ဒီကို အပြစ်ရှာဖို့ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

ပြုလုပ်ခဲ့တဲ့ လူထု ဟောပြောပွဲတွေဟာ ဥပဒေဘောင် အတွင်းကနေ ဥပဒေ အခွင့် အရေး အရ လုပ်ဆောင်တာ ဖြစ်တယ်၊ ခွင့်ပြုချက် ရယူပြီးမှ လုပ်ဆောင်တာ ဖြစ်တယ်၊ နောက်ပိုင်း ဆန္ဒသဘောထား ကောက်ယူမှုတွေကိုလည်း ဆက်လက် လုပ်သွားမယ်လို့ ဦးဝင်းမြင့်က ပြောပါတယ်။

ကော်မရှင် ဥက္ကဌ ကိုယ်စား အတွင်းရေးမှူး ဦးတင်ထွန်း လက်မှတ် ရေးထိုးပြီး မေလ ၂၂ ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ အဲဒီ သတိပေးစာကို သမ္မတရုံးနဲ့ လွှတ်တော် ရုံးတွေ၊ ကော်မရှင် အဖွဲ့ခွဲရုံးတွေ အပြင် နိုင်ငံရေး ပါတီတွေ အားလုံးကိုပါ မိတ္တူ ပေးပို့ထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ